မန္တလေးမြို့က ကျောက်တော်ကြီးဘုရားရဲ့ နောက်ကွယ်က အမှန်တရား

knowledge

မန္တလေးက ကျောက်တော်ကြီးဘုရားဆိုတာ မင်းတုန်းမင်းလက်ထက်က တည်ခဲ့တဲ့ဘုရားပါ။ မန္တလေးတောင်ခြေမှာ တည်ထားခဲ့ပါတယ်။ အဲဒီဘုရားကြီးကို မြို့တော်တည်ထောင်ပြီး ငါးနှစ်ခန့်အကြာ မြန်မာသက္ကရာဇ် ၁၂၂၆-ခုနှစ်မှာ မတ္တရာမြို့ရှိ စကျင်တောင်ကနေ ရရှိတဲ့ တစ်လုံးတစ်ခဲတည်းဖြစ်တဲ့ စကျင်ကျောက်ကြီးကို ပုံတော်ကြမ်း ထုဆစ်စေခဲ့ပြီး မန္တလေးတောင်ခြေဆီသို့ သယ်ဆောင်ယူကာ မင်းတရားကြီးကိုယ်တိုင် မျက်ခုံး၊ မျက်ရေးတို့ကို ရေးဆွဲပြီး “မဟာသကျမာရဇိန်” လို့ ကမ္ပည်းတင်ခဲ့ပါတယ်။

ကျောက်တော်ကြီးဘုရားဆိုတာ ထက်ဝယ်ဖွဲ့ခွေ နေတော်မူတဲ့ ရုပ်ပွားတော်တစ်ဆူပဲဖြစ်ပါတယ် ။ ဒါပေမယ့် စကျင်တောင်ကနေ ရလာတဲ့ ကျောက်ကို အစွဲပြုပြီး ကျောက်တော်ကြီးဘုရားလို့ လူအများက ခေါ်ဝေါ်သမုတ် ကြပါတယ်။

ဆိုချင်တာက အဲဒီကျောက်တော်ကြီးဘုရားကို စကျင်ကနေ မန်းတောင်ခြေအထိ လူအင်အားနဲ့တွန်းကာကုသိုလ်ယူ သယ်ယူပို့ဆောင်ပေးခဲ့ကြသူတွေက မတ္တရာနယ်သားတွေ ဖြစ်ကြပါတယ်။ မန်းတောင်ခြေရောက်မှ မန်း မြောက်ပြင်သားတွေက သယ်ယူကြတာပါ။ ဒါပေမယ့် ဘုရားကြီးပြီးစီးလို့ မင်းတုန်းမင်းတရားကြီး က ကာယဝေယျာဝစ္စကူညီကြသူများကို ဆုတော်လာဘ်တော် ပေးသနားတဲ့အခါ မန်းမြောက်ပြင်သားတွေက တကယ်ပင်ပန်းကြတဲ့ မတ္တရာသားတွေကို မပေးကြဘဲ သူတို့ချည်း မောင်ပိုင်စီးခဲ့ကြပါတယ်။

ဒီတော့ အဲဒီဘုရားကြီး အနေကဇာတင်ပွဲမှာ ကာယဝေယျာဝစ္စအဖွဲ့တွေ လာရောက်ကြရမယ် ဆိုတဲ့ မင်းကြီးရဲ့အမိန့်အရ မတ္တရာသားတွေ အတီးအမှုတ် အကအခုန်တွေနဲ့ သွားရောက်ပူဇော်ယှဉ်ပြိုင်ကြတဲ့အခါ သံချပ်မဟာနဲ့ အမှန်စပ်ကာသီဆိုတီးမှုတ်ကြပါတယ်။ သူတို့သီဆိုတီးမှုတ်ကြတဲ့ အမှန်စပ်ထားကြတဲ့ သံချပ်စာသားကတော့

“မိုးဆို မိုးလားမောင်ရို့

လေဆို လေလားမောင်ရို့

ကျောက်တော်ကြီးဘုရား ပင့်လို့လာ

မတ္တရာမှာ သေလား ကြေလား

ဆုတော်ချတော့ သူတို့ယူ

မတ္တရာလူ အူနဲ့ဟောင်းလောင်း”တဲ့။

အဲဒီ အမှန်စပ်ကြံတဲ့ သံချပ်သံကို မင်းတုန်းမင်းကြီးကြားတော့ ” ဒီလောက် အစားကြီးကြတဲ့ မြောက်ပြင်သားတွေကို မတ္တရာသားများက ထောင်းကြစေလဟဲ့” လို့ အမိန့်ထုတ်ပြန်ခဲ့လို့ မြောက်ပြင်သားတွေ မတ္တရာသားတွေရဲ့အထောင်းအထု ခံကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *