ပုဂံမြေရောက်ရင် ဖူးမျှော်ရန် မမေ့သင့်သည့် ပြည့်ကိုးပြည့် သဲကျောက်ဆင်းတုတော် ကိုးဆူ

ပုဂံမြေက ပြည့်ကိုးပြည့် သဲကျောက်ဆင်းတုတော်ကိုးဆူ

ပုဂံဆိုတာ မြန်မာလူမျိုးတွေအတွက် ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါရောက်ရောက် ရိုးမသွားနိုင်သလို၊ ဖူးမြော်ကြည်ညိုစရာ ဘုရားပုထိုးစေတီတွေ၊ လေ့လာစရာနေရာတွေကလည်း အများကြီးရှိလို့နေပါတယ်။ ဒီတခေါက်မှာတော့ ပုဂံမြေက ပြည့်ကိုးပြည့် သဲကျောက်ဆင်းတုတော်ကိုးဆူအကြောင်းကို မျှဝေပေးမှာပဲဖြစ်ပါတယ်။

ပုဂံမှာ အနော်ရထာမင်းတည်ထားခဲ့တဲ့ စွယ်တော်လေးဆူအပြင် ရေသွန်းခံ ပြည့်ကိုးပြည့် ဆင်းတုတော်ကြီးကိုးဆူလည်းရှိပါသေးတယ်။ အများစုကတော့ ပြည့်ငါးပြည့်သာ အသိများကြပြီး ကျန်ဆင်းတုတော်တွေကို သိသူနည်းကြပါတယ်။

သမိုင်းကြောင်းအရ အနော်ရထာမင်းဟာ ပုဂံပြည်မှာ ရွှေဆံတော်စေတီ၊ ရွှေစည်းခုံစေတီ၊ တန့်ကြည့်တောင်စေတီ၊ လောကနန္ဒါစေတီ၊ တုရင်တောင်စေတီ စတဲ့ စေတီကြီးငါးဆူကိုတည်ထားခဲ့သလို ဗုဒ္ဓဘိသေကနေကဇာတင်ဖို့အတွက် သဲကျောက်ဆင်းတုတော်ကြီးတွေကိုလည်း ထုဆစ်ကိုးကွယ်ခဲ့ပါတယ်။

အနော်ရထာမင်းဟာ ပွင့်တော်မူပြီးသော ဘုရားလေးဆူကို ရည်မှန်းပြီး ရွှေဆံတော်စေတီရဲ့ ကြေးဂူတိုက်လေးခုထဲမှာ ( ၇ )ပေခန့်ရှိတဲ့ သဲကျောက်ဆင်းတုတော်လေးဆူကို ထုလုပ်ပူဇော်ခဲ့ပါတယ်။ ယနေ့လက်ရှိအချိန်မှာတော့ ရွှေဆံတော်စေတီတော်မှာ အရှေ့ဘက်မုခ်ကတစ်ဆူနဲ့ အနောက်ဘက်မုခ်ကတစ်ဆူပဲ ကျန်ရှိပါတော့တယ်။ တောင်ဘက်မုခ်ကဆင်းတုတော်ကတော့ ဓမ္မရံကြီးဘုရားအရှေ့မုခ်ကို ပြောင်းရွှေ့အပူဇော်ခံရသလို မြောက်ဘက်မုခ်ကဆင်းတုတော်ကလည်း ပြောင်းရွှေ့ခဲ့ပုံရှိပါတယ်။

လေ့လာတွေ့ရှိမှုတွေအရ အနော်ရထာမင်းလက်ထက်က သဲကျောက်ဆင်းတုတော်တွေကို ဓမ္မရာဇကဘုရား၊ လောကနန္ဒာဘုရား၊ တာမဏီသိမ်ဘုရား၊ တာမဏီသိမ်ဘုရားရဲ့မြောက်ဘက် တာမဏီအုတ်ကျောင်း( မြတ်ကြီးတာမလိန္ဒမထေရ်အုတ်ကျောင်း )နဲ့ ပုဂံရှေးဟောင်းသုသေတနပြတိုက်တို့မှာ အသီးသီးတွေ့ရှိခဲ့ရပါတယ်။

အနော်ရထာမင်းလက်ထက်က ထုလုပ်ခဲ့တဲ့ ကျောက်ဆစ်လက်ရာ ဆင်းတုတော် အကြီး၊ အလတ်၊ အငယ် အရွယ်အစား (၉ )ဆူရှိခဲ့ပါတယ်။ အဲဒါတွေကတော့

၁ .ရွှေဆံတော်အရှေ့ဘက်မှာတစ်ဆူ

၂.ရွှေဆံတော်အနောက်ဘက်မှာတစ်ဆူ

၃.ဓမ္မရံကြီးဘုရားအရှေ့မုခ်မှာတစ်ဆူ

၄.ဓမ္မရာဇကအရှ့ဘက်မုခ်မှာတစ်ဆူ

၅.ဓမ္မရာဇကတောင်ဘက်မုခ်မှာတစ်ဆူ

၆.လောကနန္ဒာဘုရားအရှေ့ရင်ပြင်မှာတစ်ဆူ

၇.တာမဏီသိမ်ဘုရားမှာတစ်ဆူ

၈.တာမဏီအုတ်ကျောင်းမှာတစ်ဆူ ( ဦးခေါင်းတော်နဲ့ကြာပလ္လင် ကျိုးပဲ့ထားလို့ ဦးခေါင်းတော်ရောကြာပလ္လင်ပါ အစားထိုးထားရပါတယ်။ )

၉.ပုဂံရှေးဟောင်းသုတေသနပြတိုက် မြေညီထပ်မှာတစ်ဆူ ( ရွှေဆံတော်စေတီအရှေ့ဘက် ဘုရားအမှတ်(၁၅၅၆) က ရရှိထားတာဖြစ်ပါတယ်။ )
စတဲ့ ဆင်းတုတော်တွေပဲဖြစ်ကြပါတယ်။

ထုလုပ်ထားတဲ့သွင်ပြင် လက္ခဏာတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း စျာနမုဒြာဟန်၊ ကိုယ်လုံးတော် ပြည့်ဖြိုးတုတ်ခိုင်ပုံ၊ ရှေးကျတဲ့မျက်နှာပုံ၊ မန်ကျည်းစေ့ဆံတော်ရှိပုံ၊ ဗယ်တင်သင်္ကန်းစမှာ ငါးကြင်မြီးနှစ်ခွအစား အဖျားညီညာပြီး ခေါက်တွန့်ပုံရှိနေပုံ၊ ခြေဖဝါးတော် လက်ဖဝါးတော်တွေမှာ စက်လက္ခဏာ ကြာပုံရှိနေပုံ၊ ကြာပလ္လင်ရှိနေပုံ၊ ရေသွန်းခံ ကျောက်ပြားခံထားပုံ စတဲ့ လက္ခဏာတွေ တူညီနေတာကို ထူးခြားစွာတွေ့နိုင်ပါတယ်။

ဆင်းတုတော်တွေရဲ့အောက်မှာ ရေသွန်းခံ ကျောက်ပြားထုလုပ်ထားပုံကတော့ အောက်ခံကျောက်ပြားကို ကြာပလ္လင်ပတ်လည် လေးနေရာလုံးမှာ ရေဆင်းမြောင်းဖော်ပြီး တဖက်ကရေထွက်ပေါက် ပါရှိနေတာမျိုးပါ။ ဆင်းတုတော်တွေကို ရေသပ္ပါယ်လိုက်တာနဲ့ ရေတွေဟာ ဘေးကိုမစီးတော့ပဲ ဖော်ထားတဲ့ မြောင်းအတိုင်း စီးသွားတာဖြစ်ပါတယ်။ ဒီလိုရေသွန်းခံဆင်းတုတော်မျိုးကို “မိုးကောင်းဘုရား” လို့လည်း အစဥ်အဆက်က ခေါ်ဆိုကြပါသေးတယ်။ ဒါအပြင် ရေသွန်းခံ မိုးကောင်းဘုရားဆင်းတုတော်တွေရဲ့ဘေးမှာ ငါးရံမင်း ငါးရံ့ရုပ်တွေကို သီးသန့်ထုလုပ်ထားရှိပါသေးတယ်။

“မိုးကောင်းဘုရား”ခေါ်ဆိုပုံနဲ့ ငါးရံ့ရုပ်ပူဇော်ပုံကတော့ ငါးရံ့မင်းပရိတ်တော်နဲ့လည်း ဆက်စပ်လို့နေပါတယ်။ ရှေးတုန်းက ပုဂံပြည်မှာ မိုးခေါင်တဲ့နှစ်တွေရှိခဲ့ပါတယ်။ ဒီလိုအခါမျိုးတွေမှာ မိုးရွာစေဖို့ ငါးရံ့မင်းပရိတ်ပွဲကျင်းပကြတယ်။ ပရိတ်ပွဲကျင်းပတဲ့အခါမှာ ပင့်ဖိတ်ထားတဲ့သံဃာတော်တွေကို ဘုရားကျောင်းကန်တွေနားက ခန်းခြောက်နေတဲ့ရေကန်တွေထဲဆင်းပြီး ငါးရံ့မင်းပရိတ် ရွတ်ဖတ်ပူဇော်စေခဲ့တယ်။ ပရိတ်ရွတ်ဖတ်ပူဇော်ပြီးချိန်မှာ အသင့်ယူလာတဲ့ ရေတွေနဲ့ငါးရံ့ရုပ်ကလေးတွေကို ကန်ဘောင်ပေါ်တင်ပြီး အရုပ်တွေ ကန်ထဲရောက်သည်အထိ ရေလောင်းချကြတယ်။ ဒီလိုမျိုးတွေလုပ်ပြီးသွားတဲ့အချိန်တိုင်း မိုးတွေရွာချတတ်တယ်လို့လည်း သိရပါတယ်။

တာမဏီသိမ်ဘုရားမှာရှိတဲ့ ဆင်းတုတော်ကြီးမှာလည်း ပရိတ်ရွတ်ပြီး ရေစင်သွန်းပူဇော်ပွဲတွေ လုပ်ခဲ့ဖူးတယ်လို့သိရပါတယ်။ ရေစင်သွန်းတဲ့အခါမှာလည်း ဘုရားမှာအသင့်ရှိတဲ့ ငါးရံ့ဖိုမရုပ်လေးတွေကို မြောင်းမှာချပြီး သွန်းလောင်းလိုက်တဲ့အခါ ရေထွက်ပေါက်ကနေ အောက်ကကန်ထဲကို ကျသွားတာပဲဖြစ်တယ်။ ဒီတော့မှ မိုးတွေအုံ့ပြီး သည်းသည်းမည်းမည်း ရွာချလာတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ နောက်ပြီး ဓမ္မရာဇကဘုရား အရှေ့ဘက်မုခ်ကဆင်းတုတော်ဟာလည်း ဒီလိုမျိုး ပရိတ်ရွတ် ရေသွန်းပွဲ ကျင်းပခဲ့ဖူးပါသေးတယ်။ ဒါတွေကြောင့်မို့ ပုဂံသူ ပုဂံသားတွေဟာ ရေသွန်းခံဆင်းတုတော်တွေကို “မိုးကောင်းဘုရား”လို့ ခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။

တာမဏီသိမ်ဘုရားရဲ့အနောက်ဘက်က တာမဏီအုတ်ကျောင်းပျက် အမှတ်(၁၁၁၁)မှာလည်း ရေသွန်းခံဆင်းတုတော်ကြီးတစ်ဆူ ကိန်းဝပ်စံပ္ပါယ်တော်မူပါတယ်။ နှမြောဖို့ကောင်းတာကတော့ ဆင်းတုတော်ရဲ့ဦးခေါင်းတော်နဲ့ ကြာပလ္လင် ကျိုးကျထားတာမို့ ဦးခေါင်းတော်ရောကြာပလ္လင်ပါ အသစ်ပြုလုပ်ထားရပါတယ်။ ဆင်းတုတော်ရဲ့ကျန်တဲ့အစိတ်အပိုင်းတွေကတော့ အကောင်းအတိုင်းပဲဖြစ်ပါတယ်။ ကျိုးကျထားတဲ့အစိတ်အပိုင်းတွေကိုတော့ အုတ်ကျောင်းရဲ့အပြင်ဘက်နံရံမှာ ပြသထားတာမို့ လေ့လာချင်သူတွေ လေ့လာလို့ရနိုင်ပါတယ်။

ယနေ့လက်ရှိအချိန်မှာတော့ ပြည့်ဆင်းတုတော်ကိုးဆူထဲက ခုနှစ်ဆူဟာ ရွှေသင်္ကန်းကပ် လှူဒါန်းမှုတွေကြောင့် မူလအသွင်အပြင်တွေကို ရှေးတုန်းကလို တွေ့မြင်ဖို့မလွယ်ကူတော့ပါဘူး။ ရွှေသင်္ကန်းမကပ်ပဲ ကျန်နေတဲ့ရုပ်ပွားတော်ဆိုလို့ ဓမ္မရံကြီးဘုရားကတစ်ဆူနဲ့ရှေးဟောင်းသုသေတနပြတိုက်က တစ်ဆူရယ်လောက်ပဲ တွေ့နိုင်ပါတော့တယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ အဓိဌာန်နဲ့ဖူးမြော်ရင် ဆုတောင်းပြည့်တယ်လို့ ထင်ရှားတဲ့ဘုရားစေတီတွေ ဒေသအသီးသီးမှာ ရှိတတ်ကြပါတယ်။ ပုဂံက ဒီ ပြည့်ကိုးပြည့် ဘုရားတွေဟာလည်း ပြည့်ငါးပြည့်လိုပဲ အဓိဌာန်ပြုဆုတောင်းရင် လိုအင်ဆန္ဒတွေ ပြည့်ဝစေနိုင်ပါတယ်။ ဒါကြောင့် ပုဂံရောက်ဖြစ်ခဲ့ရင် သွားရောက်ဖူးမြော်နိုင်ကြစေဖို့ ရေးသားဖော်ပြပေးလိုက်ရပါတယ်။

ကိုးကား
ပုဂံအမွေအနှစ် ရှေးဟောင်းစေတီပုထိုးများ ( မောင်ကြည်ပန်း-မြင်းကမ္ဘာ )

အချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
လွတ်လပ်စွာ share နိုင်ပါသည်။
တဆင့်ကူးယူဖော်ပြခွင့်မပြုပါ။
..Crd..TD

Be the first to comment

Leave a Reply

Your email address will not be published.


*