ဘွဲ့ကြီး ၃ဘွဲ့ကိုချီးမြှင့်ခြင်းခံရတဲ့ သမိုင်းတလျောက်အသက် အငယ်ဆုံး စာပြန်ပုဂ္ဂိုလ်ဖစ်တဲ့ ၁၅ နှစ်သားလေး”မောင်ဟန်ထွန်းအောင်”

ဘွဲ့ကြီး ၃ဘွဲ့ကိုချီးမြှင့်ခြင်းခံရတဲ့ သမိုင်းတလျောက်အသက် အငယ်ဆုံး စာပြန်ပုဂ္ဂိုလ်ဖစ်တဲ့ ၁၅ နှစ်သားလေး”မောင်ဟန်ထွန်းအောင်”

ဓမ္မရသနောက်တစ်ကောက်ကောက် လိုက်ခဲ့သူ သို့မဟုတ် အသက်အငယ်ဆုံး အဘိဓမ္မာမဟာဘွဲ့ရ ၁၅နှစ်သား သူလိုလူ(၅၂)ကြိမ်မြောက်အဘိဓမ္မာစာတော်ပြန်ပွဲရဲ့ထူးခြား ချက်ထဲမှာ ၁၅နှစ်သား တစ်ဦးရဲ့ မဟာဘွဲ့ ရရှိမှုဟာ ဘယ်လိုမှ ချန်လှပ်ခဲ့လို့ မရနိုင်ပါဘူး။

လူပုဂ္ဂိုလ်များအတွက်သတ်မှတ်ပြဌာန်းထားတဲ့ကျမ်းအစိတ် အပိုင်း ၁၅ပိုင်းကို မောင်ဟန်ထွန်းအောင်ဟာ ဒီကနှစ်မှာ ရေးဖြေဘာသာစုံ ဂုဏ်ထူးနဲ့အတူ လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။၁၅ကျမ်းကို ၄နှစ်အတွင်း ထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့တာမို့ ကြားသိရသူတိုင်း အံ့သြ ဝမ်းသာကြမယ် ထင်ပါတယ်။

တစ်ကယ်တော့မောင်ဟန်ထွန်းအောင်ဟာ အသက် ၁၁နှစ် အရွယ်ကတည်းက အစိုးရအဘိဓမ္မာ ၃ဆင့်လုံးကိုအောင် မြင်ကာ အဘိဓမ္မာဥယျာဉ်ကြီးထဲကို စတင်ရောက်ရှိလာ ခဲ့သူ ဖြစ်ပါတယ်။

ဓမ္မရသကို သိရှိခံစားဖူးတဲ့ ပျားပိတုန်းလေးတစ်ကောင်အဖို့ ဒီဥယျာဉ်ကြီးထဲကနေ ပြန်မထွက်နိုင်တော့တာ သိပ်တော့လည်း မဆန်းလှပါဘူး။အဲဒီနှစ်မှာပဲ ဓမ္မသာကစ္ဆာ အဘိဓမ္မာ ၃ဆင့်လုံးကိုလည်း အောင်မြင်ခဲ့တယ်။

၁၂နှစ်အရွယ် ၇တန်းနှစ်မှာ အစိုးရ ဝိသုဒ္ဓိမဂ် ၃ဆင့်နဲ့ ဓမ္မသာကစ္ဆာ ဝိသုဒ္ဓိမဂ်၃ဆင့်လုံးကို နှစ်ချင်းပေါက်အံ့ ဖွယ်အောင်မြင်ခဲ့သလို အဘိဓမ္မာစာတော် ပြန်ပွဲကိုလည်း စတင်ဝင်ရောက် ပူဇော်ခဲ့ပါတယ်။

၁၃နှစ်ရွယ် ၈တန်းမှာ ပထမပြန်စာမေးပွဲ အခြေပြုမူလတန်းကို အောင်မြင်ခဲ့ပြီး အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးရဲ့ စူဠ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာဏ ဉာဏဓဇဘွဲ့ကို ရရှိခဲ့ပါတယ်။

၁၄နှစ်အရွယ် နဝမတန်းမှာအစိုးရအဘိဓမ္မဂုဏ်ထူးဆောင် ဋီကာကျော် ၃ဆင့်ကို အောင်မြင်ကာ (မဇ္ဈိမ အာဘိဓမ္မိက ကလျာဏဉာဏဓဇ)ဘွဲ့ကို ထပ်မံ ရရှိပြန်ပါတယ်..

တက္ကသိုလ်ဝင်တန်းဖြေဆိုရမဲ့ အခုနှစ်မှာလည်း လုံးဝရပ် နားခြင်းမပြုဘဲ ဆက်လက် ကြိုးစားပူဇော်ခဲ့တဲ့အတွက် (မဟာ အာဘိဓမ္မိက ဥက္ကဋ္ဌ ကလျာဏဉာဏဓဇ)ဘွဲ့ကို အပြီးသတ် ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ကျမ်းတွေဆိုတာတစ်ကျမ်းတစ်ကျမ်း ကိုပဲ အောင်မြင်အောင် မနည်းလေ့လာ ပူဇော်ရကြောင်း ပူဇော်ဖူးသူတိုင်း ကောင်းစွာ သိရှိကြပါတယ်။

ဒီ၅နှစ်အတွင်းမှာ အဘိဓမ္မာ(ရိုးရိုး) ၃ဆင့်၊အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ၃ဆင့်၊ဝိသုဒ္ဓိမဂ် ၃ဆင့်၊အခြေပြုမူလတန်းနဲ့စာတော်ပြန်ပွဲ ၁၅ကျမ်း တို့ကို ဖြေဆို အောင်မြင်ကာ (စူဠ အာဘိဓမ္မိက ကလျာဏဉာဏဓဇ)၊ (မဇ္ဈိမ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာဏဉာဏဓဇ)(မဟာ အာဘိဓမ္မိက ဥက္ကဌ ကလျာဏဉာဏဓဇ) ဘွဲ့ကြီး ၃ဘွဲ့ကိုချီးမြှင့်ခြင်းခံရတဲ့ သမိုင်းတလျောက်အသက် အငယ်ဆုံး စာပြန်ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါပြီ။ ဒါမို့ ဒီအရွယ်နဲ့ ဒီလောက်လုပ်နိုင်တာကို အတော်ပဲ လက်ဖျားခါမိပါတယ်။

ဒါမို့ ကျွန်တော့်အနေနဲ့ကတော့ မောင်ဟန်ထွန်းအောင်ကိုဓမ္မရသနောက် တစ်ကောက်ကောက် လိုက်ခဲ့သူ ဆင်ခြေ ဆင်လက်တွေကို မထီမဲ့မြင် ပြုနိုင်တဲ့သူ၊ အခက်အခဲတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်သူ၊အားကျ အတုယူသင့်သူ၊ ဂုဏ်ပြုချီးကျူးမှုတွေနဲ့ အထူးထိုက်တန်သူအဖြစ် နှစ်ဆန်းအမှတ်တရ ဝိသေသပြု မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*