ကာကွယ်ဆေးကို သမားတော်ကြီးများ ကိုယ်တိုင်ကြီးကြပ်ပြီး ဆေးရုံကြီးတွေမှာပဲ ထိုးပေးမည်

ကိုဗစ်ကာကွယ်ဆေးကို သမားတော်ကြီးများ ကိုယ်တိုင်ကြီးကြပ်ပြီး ဆေးရုံကြီးတွေမှာပဲ ထိုးပေးမည်..

ကိုဗစ်ကာကွယ်ဆေးကို ဆေးရုံကြီးတွေမှာသာ ထိုးပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနက ပြောပါတယ်။ ကာကွယ်ဆေးထိုးဖို့ သမားတော်ဆရာဝန်ကြီးတွေကိုယ်တိုင် ကြီးကြပ်ပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းသန်းမြင့်က ဒီကနေ့ မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ ပြောပါတယ်။

“ဆေးရုံကြီးအခြေပြုရင် တစ်ခုခုဖြစ်ရင် ဆေးရုံကြီးမှာ တန်းတက်ရုံပါပဲ၊ ချက်ခြင်းလက်ငင်း ကုသမှုပေးနိုင်ဖို့ပါ။ တိုက်နယ်ဆေးရုံတွေ မပေးပါဘူး၊ မြို့နယ်ဆေးရုံတွေမှာ သက်ဆိုင်ရာ သမားတော်တွေနဲ့ လုပ်မှာပါ။

ဆေးထိုးတဲ့အပိုင်းမှာလည်း သင်တန်းတွေပေးပါမယ်။ တနင်္လာနဲ့ အင်္ဂါမှာ သင်တန်းပေးပါမယ်” မန္တလေးတိုင်းအတွင်း ကိုဗစ် ရောဂါပိုး မကူးစက်စေဖို့ မိသားစုအချင်းချင်း တစ်ဦးကိုတစ်ဦး အသိပေးတဲ့အနေနဲ့မိသားစုသတိပေး စီမံချက်ကို အမျိုးသားရေးအသွင်နဲ့ လာမယ့်ရက်ပိုင်းမှာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်ထောင်စုအစိုးရရဲ့အစီအစဉ်အတိုင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့လူမှုကူညီရေး အဖွဲ့ တွေကို ကာကွယ်ဆေးထိုးပေးဖို့ ဆောင်ရွက်ထားပြီး ထိုးပေးရမယ့်အရေအတွက် အတိအကျ မသိရသေးသလို ဘယ်နေ့ စတင်မယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*