မြန်မာနိုင်ငံရဲ့ စျန်ပျံရဟန်းတော် ရဟန္တာများအကြောင်း

၁၉၈၆-၈၇ ခုနှစ်များသည် နိုင်ငံရေး မတည်ငြိမ်မှုသေးသော နှစ်ဖြစ်သောကြောင့် စစ်တောင်းတံတားကိုဖြတ် သန်းရပြီဆိုရင်…ဓားမြကြောက်ရ သူပုန်ကြောက်ရနဲ့ ရင်တစ်ထိတ်ထိတ်ရှိလှပါသည်။

ထိုခေတ်အခါက မွန်ပြည်နယ်မှ ညကရင်ပြည်နယ်ကိုအသွားဘီးလင် သထုံ ဘာအံ ကော့ကရိတ် မြဝတီတို့
တိုင်းရင်းသားလက်နက်ကိုင်တို့ကြီးစိုးနေသောအခါကာလဖြစ်သည်။

ထိုခေတ်အခါ နယ်စပ်ကုန်ကူးသန်းမှု မှောင်ခိုလုပ်ငန်းများခေတ်ထကောင်းဆဲအခါကာလဖြစ်သည်နှင့်အညီ ထိုင်းဘက်ကို မြန်ပြည်မှအချို့ကုန်ပစ္စည်းကို ထိုင်းဘက်ခြမ်းသို့ ရောင်းဝယ်ဖို့ရန်ကူးသန်းကြသည်။

ခရီသည်များ အပြည့်လိုက်ပါသည့် ကား ၁၆ စီးသည်၊ မြဝတီမှ ထွက်၍ ကော့ကရိတ်မြို့ ဆီသို့ ဦးတည် မောင်းနှင် လာလေသည်။ ထိုနေ့သည် ( ၂၅.၅.၈၇ ) ရက်နေ့ ဖြစ်သည်။

အကွေ့အကောက် အတက်အဆင်း တောင်ကြီးတောင်ငယ် အသွယ်သွယ်ကို ကျော်ဖြတ်မောင်းနှင် လာသည့် ကားတန်းကြီးမှာ ကြည့်၍ပင် ကောင်းသေးတော့သည်။

မြဝတီ ကော့ကရိတ် ကားလမ်းပေါ်ရှိ ဒေါနတောင် စခန်း တစ်နေရာ ဖြစ်သည့် အလယ်ဗိုလ်တဲ စခန်းသို့ အရောက်တွင် ကား ၁၆ စီးအနက် ထရပ်ကားတစ်စီးနှင့် အခြား ကားတစ်စီး တို့သည် မထင်မှတ်ပဲ စက်ချို့ယွင်း သွားလေတော့သည်။

အခြားသော ယာဉ် ၁၄ စီးမှာမူ သူတို့၏ ခရီးစဉ်အတိုင်း ထွက်ခွာ သွားလေတော့သည်။ စက်ပျက် သွားသည့် ယာဉ် ၂ စီးနှင့် ခရီးသည် အချို့တို့မှာ ခရီးဆက် ထွက်ရန် အခြေအနေ မပေးတော့ပေ။ ဤသို့ဖြင့် ကားပြင်ဆင်မှုကို စောင့်ဆိုင်းရင်း( ၂၉.၅.၈၇ ) နေ့ထိ ရောက်ခဲ့တော့သည်။ ကားစက်ပျက်သည့် နေ့ပါဆိုလျှင် (၅) ရက်တိတိ ကြာညောင်း ခဲ့လေပြီး။

ထို (၅) ရက်မြောက်နေ့သည် ကားပျက်သူများ အဖို့ ကံထူးသောနေ့ဟု ဆိုရမည်လား မသိပေ။ ထိုနေ့ နံနက်ပိုင်းတွင် ကားပြင်ဆင်မှု ကိစ္စများ ပြီးသွား၍ ရှေ့ဆက်ရမည့် ခရီးကို မျော်တွေးကာ ဝမ်းသာနေ ကြလေသည်။

ကောင်းကင်ယံ တစ်ပြင်လုံးသည်လည်း မိုးသား တိမ်လိပ်များ ကင်းစင်၍ ငွေရောင် အဆင်းဖြင့် ဖြူဝင်းတောက်ပ ကြည်လင်နေပေသည်။

အချိန်မှာ နံနက် (၁၁:၀၅) နာရီ ရှိလေပြီ။ ဖြူဝင်းတောက်ပ ကြည်လင်နေသော ကောင်းကင်ယံ၏ အရှေတောင် အရပ်ဘက် တစ်နေရာမှ ရုတ်တရက် မည်းမှောင်သလို ဖြစ်သွားတော့သည်။ ပြီးလျှင် မှုန်ဝါးဝါး အဝါရောင်တစ်စုသည် ထိုအမည်းရောင် အတွင်းမှ ထိုးဖေါက်၍ တဖြည်းဖြည်း ပေါ်ထွက်လာသည်ကို ကားအမှတ် (၈၄၇၁) မောင်းသူ ကိုမိုးဟိန်းက မြင်လိုက်လေသည်။

အနီးတွင် ရှိသော သူ့မိတ်ဆွေ ကိုလှဦးကို ” ဟိုမှာ ဘာလဲ ကြည့်စမ်းပါဦးဗျ ” ဟုပြောရင်း လက်ညှိုးညွှန်ပြ လိုက်လေသည်။ ကိုလှဦးလည်း ကိုမိုးဟိန်း ညွှန်ပြရာသို့ အာရုံစိုက်၍ ကြည့်လိုက်လေသည်။ စောစောက မြင်တွေ့ရသော အဝါရောင် အဆင်းမှာ တဖြည်းဖြည်း ကြည်လင် တောက်ပစွာ ပေါ်လာလေသည်။

‘ရဟန်းတော်များပါတကား..’.ရဟန်းဝတ်ဖြင့် လက်ဝဲ ဘက်တွင် ယပ်ကိုကိုင်ထားပြီးလက်ယာဘက်တွင် သပိတ်ကို ပိုက်ထားသော ရဟန်းတော်တစ်ပါးကို ရှေ့တည့်တည့်မှ ဦးစွာ ဖူးတွေ့လိုက်ရတော့သည်။

ကိုလှဦးမှာ ဝမ်းသာအားရဖြင့် အံ့အားသင့်သွားပြီး လက်ဝဲလက်တစ်ဖက်မှာ အလိုလို လက်အုပ်ချီပြီး ဖြစ်သွားတော့သည်။ လက်ယာလက်ဖြင့် ခရီးသည်များကို ဖူးတွေ့ ကြည်ညိုစေလိုသော ဆန္ဒဖြင့် လက်ယပ်ခေါ်ရင်း နှုတ်မှလည်း -” ဟေ့…ဟေ့…ကောင်းကင်မှာ ရဟန္တာတွေ ကြွလာတယ်…ရှိခိုးကြ…ကန်တော့ကြ…” အော်ဟစ်ခေါ်လေတော့သည်။

ထိုအခါ ခရီးသည် တစ်ရာကျော်အပြင် အလယ်ဗိုလ်တဲတွင် စခန်းချနေသော တပ်မတော် အရာရှိ အရာခံ အကြပ်တပ်သားများ လည်းစုဝေး ရောက်ရှိလာကြပြီး ရဟန္တာကို ဖူးမြင်ရာ နေရာသို့ လက်အုပ်ချီမိုး ရှိခိုးဦးတင် ပူဇော်ကန်တော့ကြလေသည်။

ရှေးဦးစွာ ပေါ်လာသော ရဟန်းတော်သည် နှစ်မိနှစ်ကြာမျှ ရှေ့တည့်တည့် အနေအထားဖြင့် ရပ်နား အပူဇော်ခံသည်ကို ဖူးတွေ့ရသည်။ ထို့နောက် အရှေ့မြောက်ဘက် အရပ်ဆီသို့ ဖြည်းညှင်းစွာ ကြွသွားတော်မူသည်ကို ဘေးတိုက် ဖူးတွေ့ကြရသည်။

ထိုရဟန်းတော်သာမက အနောက်ဖက်မှ အလားတူယပ်ကိုင်၍ သပိတ်ပိုက်ထားသော ရဟန်းတော် ၉ ပါးကိုလည်း ကြည်ညို ဖူးမျှော် ကြရပြန်လေသည်။

ကောင်းကင်တွင် ကြွနေတော်မူစဉ် ကိုယ်ရုံတော် သင်္ကန်းစများသည် လေအဟုန်ဖြင့် တလူလူ လွင့်ပါး လှုပ်ရှားနေသည်ကို ရုပ်ရှင် ပိတ်ကားပေါ်၌ ဖူးတွေ့ရတတ်သော ရဟန္တာများ ဈာန်ဖြင့် ကြွသွားတော်မူနေသည့် ပုံသဏ္ဍာန် အတိုင်း ဖူးမျှော်ကြရလေသည်။

ဖူးတွေ့ရသူ အချို့က ပီတိဖြစ်လွန်း၍ မျက်ရည်များကျ၊ မျက်ရည်များဝဲကြသည်။ အချို့က နှုတ်ဖျားမှ မရပ်မနား ဆုတောင်းကြသည်။ အချို့ကဖူးမျှော်မဝ။ အကြိမ်ကြိမ် ဦးတိုက်၍ ဆုတောင်းမေတ္တာ ပို့ကြလေသည်။

မြေပြင်မှ ကိုက် ၃၀၀ ခန့် အမြင့်တွင် ဖူးတွေ့လိုက်ရသော ရဟန်းတော်များသည် အရှေ့တောင် အရပ်မျက်နှာမှ အရှေ့မြောက် အရပ်ဆီသို့ ကြည်ညိုဖွယ်ရာ ကြွသွားတော်မူကြလေသည်။ နံနက် ၁၁နာရီ ၂၂ မိနစ် အချိန်တွင် အရှေ့မြောက် အရပ်၌ပင် ဆင်းသက်ပျောက်ကွယ်တော်မူသွားလေသည်။

ရဟန်းတော်များ ဆင်းသက် ပျောက်ကွယ်သွားသော နေရာ၏ ပတ်ဝန်းကျင်တွင် ပေါလောသမ္ပရာ ဆိုသည့်ရွာကလေးတစ်ရွာရှိသည်။ ထိုရွာအနီး တောင်ထိပ်တစ်ခုပေါ်တွင် ရဟန္တာ ခြေတော်ရာဟု ယူဆနေကြသော ခြေတော်ရာ တစ်ဆူ ရှိနေကြောင်းကို ဖူးတွေ့ခဲ့ရသော ပုဂ္ဂိုလ်များက ပြောပြကြလေသည်။ ထိုခြေတော်ရာဆီသို့ပင် ဈာန်ပျံရဟန်းတော်များ ကြွရောက်သလောဟု အချို့က တွေးဆကြလေသည်။

ရဟန်းတော်များ အထက်ကောင်းကင်ယံတွင် ၁၇ မိနစ်အကြာ အားပါးတရ ကြည်ညိုဖူးတွေ့ လိုက်ရသည့် ကံထူးသော ခရီးသည်များနှင့် အလယ်ဗိုလ်တဲ၌ စခန်းချထားသော တပ်မတော် အရာရှိ အရာခံ အကြပ် တပ်သား ၁၅၀ကျော်တို့မှာ ကြည်နူး ဝမိးမြောက်မဆုံး ရှိကြသည်။

ထိုအခိုက် မြဝတီဘက်မှ ခြေလျှင်ခရီးဖြင့် ကြွလာသော ရဟန်းတစ်ပါးနှင့် ကိုရင်လေး တစ်ပါးလည်း အလယ်ဗိုလ်တဲသို့ ရောက်လာ၏။

စေတနာ သဒ္ဓါတရား ထက်သန်နေသော ခရီးသည်များနှင့်
တပ်မတော်သားများက ကြွရောက်လာသော ရဟန်းတစ်ပါးနှင့် ကိုရင်လေးတစ်ပါးတို့အား –

တပည့်တော်တို့မှာ ရဟန္တာထူး ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ကောင်းကင်ယံမှ ကြွလာသည်ကို ထင်ထင်ရှားရှား ကြည်ညိုဖွယ်ရာ ဖူးတွေ့ရသဖြင့် ပြောပြ၍ မတတ်နိုင်လောက်အောင် ဝမ်းမြောက်ကြည်နူး ဖြစ်နေကြပါသည်…တပည့်တော်တို့ကို ငါးပါးသီလ ချီးမြှင့်ပါဘုရား…ဟုလျှောက်ထား ကြသည်။ ရဟန်းတော်နှင့် ကိုရင်လေးတို့ကလည်း ငါးပါးသီလ ချီးမြှင့်ပေးရာ ခရီးသည်များ စုပေါင်း သဒ္ဓါပွားများကြရလေသည်။
share တချက်ဖြင့် ကုသိုလ်ယူနိုင်ကြပါစေ

၁၉၈၇ ခုနှစ် သြဂုတ်လထုတ် မြတ်မင်္ဂလာ မဂ္ဂဇင်း
ဖြစ်ရ