ယူနိုက်တက်က ဂျရတ်လက်သစ်ကို မခေါ်နိုင်ခဲ့တာလို့ ပြောလိုက်တဲ့ ဟာလန်း

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြီးခဲ့တဲ့နွေရာသီပစ်မှတ်ဟောင်း ဂျုဒ်ဘယ်လင်ဂမ်ကို ဒေါ့မွန်အသင်းဖော် ဟာလန်းက စတီဗင်ဂျရတ်နဲ့ နှိုင်းယှဉ်ပြီး ချီးကျူးပြောဆိုခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာမင်ဂမ်စီးတီးကနေ ဘယ်လင်ဂမ်ကို ခေါ်ယူချင်ခဲ့ပြီး လူငယ်ကွင်းလယ်ကြယ်ပွင့်ဟာ ယူနိုက်တက်ရဲ့လေ့ကျင့်ရေးစခန်းကို လာရောက်လည်ပတ်ခဲ့ပေမယ့် အဆုံးမှာတော့ ဒေါ့မွန်အသင်းကို ပြောင်းဖို့ပဲ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ်ကစားသမားဟာ ဘွန်ဒက်စ်လီဂါမှာ ၃ ပွဲ ပါဝင်ကစားပေးထားပြီးဖြစ်ပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီအက်ဖ်ဘီပိုကယ်ဖလားပွဲစဉ် တစ်ပွဲတည်း ပါဝင်ကစားပေးပြီး သွင်းဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ဘယ်လင်ဂမ်ကို အဲဒီအချိန်မှာ ဟာလန်းက လုံးဝ အထင်ကြီးသွားခဲ့တာဖြစ်ပါတယ်။နော်ဝေကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းကလည်း ဒေါ့မွန်အသင်းကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့တဲ့ ယူနိုက်တက်ပစ်မှတ်ဖြစ်ပြီး ၎င်းရဲ့ အသင်းဖော်တွေရဲ့ ဖီဖာအဆင့်သတ်မှတ်ချက်တွေကို ပြောပြတဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ဂမ်အလှည့်ရောက်တဲ့အချိန်မှာတော့ ဟာလန်းက ဘယ်လင်ဂမ်ရဲ့ဖီဖာအဆင့်သတ်မှတ်ချက်ကို မပြောပြမီမှာ စတီဗင်ဂျရတ်လက်သစ်လို့ ဆယ်ကျော်သက်ကစားသမားကို ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။