ရော်နယ်ဒိုကို အလိုက်ပေးပြီး ပေါင်သန်း ၃၆၀ တန် စံချိန်တင်အပြောင်းအရွှေ့လုပ်မယ့် ဂျူဗီ

ဂျူဗင်တပ်အသင်းဟာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ဘတ်ပီအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၆၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်နေပြီး ရော်နယ်ဒိုကိုတော့ ရောင်းထုတ်သွားဖွယ်ရှိတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ပေါ်တူဂီနဲ့ ပြင်သစ်အသင်းတို့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ရော်နယ်ဒိုနဲ့ ဘတ်ပီတို့ ကွင်းအတွင်းမှာ တွေ့ဆုံယှဉ်ပြိုင်ခဲ့ကြပြီး ၂ ယောက်စလုံးဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက ၂ ဦးအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသူတွေဖြစ်ပါတယ်။

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ပီလီနောက်ပိုင်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂိုးသွင်းယူပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးဆယ်ကျော်သက်ကစားသမားဖြစ်လာခဲ့တဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီအတွက် ၁၂၇ ပွဲမှာ ၉၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဘတ်ပီရဲ့အရွယ်နဲ့မလိုက်တဲ့အောင်မြင်မှုတွေကြောင့်ပဲ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးနဲ့ ငွေသုံးကြမ်းတဲ့ရီးရဲမက်ဒရစ်တို့လို အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အီတလီသတင်းဌာန Tuttosport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ ပီအက်စ်ဂျီကြယ်ပွင့်ကို ဘယ်သူမှမရိပ်မိအောင် အလစ်အငိုက်ခေါ်ယူဖို့ ကြိုးပမ်းသွားလိမ့်မယ်လို့ သိရပြီး ဘတ်ပီအတွက် ပေါင်သန်း ၃၆၀ အထိ သုံးစွဲသွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်အသင်းရဲ့ လစာပေးချေနေရတဲ့ပမာဏကြောင့် တစ်ပတ်လုပ်ခလစာ ပေါင် ၃၆၀၀၀၀ ရရှိနေတဲ့ ရော်နယ်ဒိုနဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးကို အတူတူထားလို့ရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဂျူဗင်တပ်အသင်းဟာ အသက် ၂၁ နှစ်အရွယ်ကစားသမားအတွက် ရော်နယ်ဒိုကို သဘောတူညီမှုမှာ တစ်စိတ်တပိုင်းထည့်သွင်းသွားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ရော်နယ်ဒိုဟာ မကြာသေးမီက ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပြီး ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့ဂျ်မန်းဒက်စ်က ပြီးခဲ့တဲ့နွေရာသီတလျှောက်လုံး ပီအက်စ်ဂျီအသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာ ဂျူဗင်တပ်အသင်းကို ၂၀၁၈ ခုနှစ်မှာ ရီးရဲမက်ဒရစ်ကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၉၁ ပွဲ ပါဝင်ကစားပေးထားရာမှာ ၆၈ ဂိုးအထိ သွင်းယူပေးထားတဲ့ မယုံကြည်နိုင်ဖွယ် ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးဖြစ်ပါတယ်။