အီတလီကိုပြန်ခဲ့တဲ့ ရော်နယ်ဒိုကြောင့် တာဝန်ရှိသူတွေကြား အငြင်းပွားနေရ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီကနေ အီတလီကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် သူ့အနေနဲ့ စည်းမျဉ်းချိုးဖောက်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ အီတလီအားကစားဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဗုဒ္ဓဟူးနေ့က အီတလီကို ပြန်လာခဲ့တာဖြစ်ပြီး နေအိမ်ကွာရန်တင်းဝင်နေပြီဖြစ်ပါတယ်။
အီတလီအားကစားဝန်ကြီး ဗင်ဆင်ဇိုစပါဒါဖိုရာက ရေဒီယိုအင်တဗျူးတစ်ခုမှာ ရော်နယ်ဒိုအနေနဲ့ ကျန်းမာရေးစည်းကမ်းတွေကို

ဖောက်ဖျက်ခဲ့နိုင်သလားဆိုတဲ့ မေးမြန်းမှုကို “ဟုတ်ပါတယ်၊ ကျွန်တော်ကတော့ အဲဒီလိုပဲထင်ပါတယ်၊ ကျန်းမာရေးအာဏာပိုင်တွေဆီက ဘာခွင့်ပြုချက်မှ မရယူခဲ့ဘူးဆိုရင် ဒါ စည်းကမ်းချိုးဖောက်တာပါပဲ” လီု့ ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းဥက္ကဌအဂ္ဂါနယ်လီကတော့ သူ့ ကစားသမားဟာ ဘာစည်းကမ်းမှမဖောက်ဖျက်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ “ကျန်းမာရေးဝန်ကြီးဌာန နဲ့ ပြည်ထဲရေးကို ဖုန်းခေါ်ဆိုပြီး ဘာတွေချိုးဖောက်ခဲ့လဲဆိုတာကို ရှင်းပြခိုင်းလိုက်ပါ” လို့ သူ့ကို မေးမြန်းမှုအပေါ် တုံ့ပြန်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ရော်နယ်ဒိ်ုက အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဂျူဗီက သတင်းထုတ်ပြန်ခဲ့ပြီး ကျန်းမာရေးအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရယူခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။

ရော်နယ်ဒိုဟာ နေးရှင်းလိဂ်ပြိုင်ပွဲအဖြစ် ပြင်သစ်နဲ့ ပေါ်တူဂီပွဲကို ပါဝင်ကစားခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီအတွက် ဆွီဒင်နဲ့ပွဲကို လွဲချော်ခဲ့ပြီး အဆိုပါပွဲအပြီးမှာ တူရင်ကို ပြန်သွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ လုပ်ထုံးလုပ်နည်းတွေအရဆိုရင် ကျန်းမာရေးအာဏာပိုင်တွေကို အကြောင်းကြားပြီး ခွင့်ပြုချက်ရယူရမှာဖြစ်ကာ အခုအခါ တာဝန်ရှိသူတွေ နဲ့ အသင်းကြားမှာ သူ ပြန်လာမှုအတွက် အငြင်းပွားနေရပြီဖြစ်ပါတယ်။