ဆွမ်းနပ်မှန်ရေး ရတတ်မအေးနိုင်တော့တဲ့ ဆရာလေးများ

သြဂုတ်လ ၁၆ ရက်နေ့ကစတင်တဲ့ တစ်ကျော့ပြန် ကိုဗစ်ဂယက်ကြောင့် အများနည်းတူ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူတွေထဲမှာ သာသနာ့ဘောင်အတွင်းက သီလရှင်တွေလည်း ပါဝင်နေပါတယ်။
နေ့စဉ် ထောင်ဂဏန်းနဲ့အထက် တွေ့ရှိနေဆဲအတည်ပြုလူနာတွေ၊ Stay At Home အစီအစဉ်တွေကြောင့် ယခင်ကလို လူတွေဆီ ဆွမ်းဆန်အလှူခံမထွက်နိုင်တော့တဲ့ ဆရာလေးတွေဟာ နေ့စဉ် ဆွမ်းကိစ္စအတွက် လုံလောက်မှုမရှိတော့သလို အလှူရှင်လည်း မရှိတာကြောင့် စားရေးအတွက် ပူပန်နေရပြီလို့ ပုလဲမြို့သစ်မှာရှိတဲ့ ချမ်းမြေ့ရတနာသီလရှင်စာသင်တိုက်က ကျောင်းထိုင်ဆရာလေးဒေါ်ဒမ္မသေီက ဆိုပါတယ်။၁၀နှစ်အောက်ကနေ ၉၀ ကျော်အထိ သီလရှင်အပါး ၄၀ ရှိတဲ့ ဒီကျောင်းဟာ ကိုဗစ်ပထမလှိုင်းမှာ ဆရာလေးတွေကို ဇာတိမြို့တွေဆီ ပြန်လွှတ်ခဲ့ပေမယ့် ထင်မှတ်မထားတဲ့ ဒုတိယလှိုင်းက ကာလရှည်လာသလို လူနေရပ်ကွက်တွေဆီ အလှူခံထွက်လို့လည်း မရတော့တာကြောင့် အခုအချိန်မှာ သူတို့တွေဟာ နေ့စဉ် ဆွမ်းကိစ္စအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေတာပါ။

ဒီကျောင်းဟာ ရှမ်းပြည်နယ်ကလာတဲ့ အသက် ၁၀ နှစ်ကနေ ၂၀ ကြားအရွယ်ရှိတဲ့ စစ်ဘေးရှောင်သီလရှင်ငယ်လေးတွေကိုလည်း လက်ခံ စာသင်ပေးနေတဲ့ကျောင်း ဖြစ်ပါတယ်။

လူဦးရေများပြားတဲ့ သီလရှင်ကျောင်းတွေဟာ တစ်ယောက်ကူးစက်မှုစရင် အားလုံးကို ပျံ့နှံ့သွားမှာ စိုးရိမ်ရတဲ့အတွက် ကျောင်းအပြင် အလှူခံမထွက်နိုင်ပေမယ့် တစ်ဖက်က စားသောက်စရိတ်၊ ဆေးဖိုး၊ မီတာခစတဲ့ ကုန်ကျမှုတွေက ယခင်ကလိုပဲ ရှိနေတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သဟပုညကာရီကမ္မဋ္ဌာန်းကျောင်းက ဆရာလေး ဆန္ဒာထေဝီက ပြောပါတယ်။

ဒီကျောင်းကတော့ သီလရှင် ၆၂ ပါး ရှိနေတာပါ။ အသက်အငယ်ဆုံးက ၅၀ ဝန်းကျင်ကစပြီး အသက် ၇၀ ကျော် ဆရာလေး အပါး ၂၀ ၊ ၈၀ ကျော် ဆရာလေး ၅ ပါး သီတင်းသုံးနေတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ကိုယ်ထူကိုယ်ထ ဆောက်ထားတဲ့ ကျောင်းဆောင် ၄၈ ခုမှာ သီးခြားစီနေထိုင်ကြပေမယ့် သက်ကြီးသီလရှင်တွေကျန်းမာရေးအတွက် အပြင်လူတွေနဲ့ ထိတွေ့မှုမရှိအောင် ဝင်ပေါက်တွေကို ဦးဆောင်ဆရာလေးတွေက သော့ခတ်ထားပါတယ်။

ကိုဗစ်တိုက်ပွဲ ရှည်ကြာလာတာနဲ့အမျှ ယခင်ကလို သာသနာ့အလုပ်တွေကို အပူအပင်ကင်းကင်းနဲ့ မလုပ်နိုင်တော့တဲ့ သာသနာ့ဝန်ထမ်းတွေအတွက် အလှူရှင်တွေရှိနေပေမယ့် လှူဒါန်းမှုအများစုက ဘုန်းတော်ကြီးကျောင်းတွေ ဖြစ်နေပြီး သီလရှင်ကျောင်းအများစုကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆရာလေးတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့ဟာ ရှိနှင့်ပြီးသားအလှူခံပစ္စည်းတွေကို ချင့်ချိန်သုံးစွဲရင်း အလှူရှင်မျှော်နေရဆဲလို့ သဟပုညကာရီကမ္မဋ္ဌာန်းကျောင်းက ဆရာလေးတွေက ထပ်လောင်း ဆိုပါတယ်။