ဘယ်လိုအခြေအနေမျိုးမှာမဆို အသင်းဖော်တွေအတွက် ရှိနေပေးမယ်ဆိုတာကို ပြသခဲ့တဲ့ ရော်နယ်ဒို

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ပြင်သစ်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ပြီးနောက် အင်္ဂါနေ့မှာ ဆေးစစ်မှုခံယူခဲ့ရာမှာ ကိုဗစ်-၁၉ ကူးစက်ခြင်းခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသူဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ နိုင်ငံလက်ရွေးစင်အသင်းကို အလွန်ချစ်မြတ်နိုးသူဖြစ်ကြောင်းကို အကြိမ်ပေါင်းများစွာ ပြသခဲ့ပြီးဖြစ်ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဗိုလ်စွဲခဲ့တုန်းကလည်း ဒဏ်ရာကြောင့် ကွင်းအတွင်းကနေ ထွက်ခွာခဲ့ရပေမယ့် ကွင်းဘေးစည်းကနေ နည်းပြနဲ့အပြိုင် အသင်းဖော်တွေကို စိတ်အားထက်သန်စွာနဲ့ ညွှန်ကြားခဲ့တာကို အားလုံးလည်း မြင်တွေ့ခဲ့ဖူးမှာသေချာပါတယ်။ ပေါ်တူဂီအသင်းဟာ ဆွီဒင်အသင်းနဲ့ ယနေ့ညမှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယနေ့ညပွဲစဉ်မတိုင်မီ ယမန်နေ့က လေ့ကျင့်ရေး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဂျူဗင်တပ်ကြယ်ပွင့် ရော်နယ်ဒိုဟာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတာကြောင့် တစ်ဦးတည်း သီးခြားစီ နေထိုင်နေရတာဖြစ်ပြီး အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးကွင်းထဲမှာ ပူးပေါင်းနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ အသင်းဖော်တွေကို ၎င်းနေထိုင်ရာအခန်းဝရန်တာကနေတဆင့် အားပေးခဲ့ပုံကို ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ တရားဝင်တွစ်တာအကောင့်ကနေ တင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရဲ့ ခေါင်းဆောင်မှုအရည်အချင်းဟာ ဓာတ်ပုံတစ်ပုံတည်းမှာ ပေါ်လွင်နေခဲ့တာဖြစ်ပါတယ်။