“မနာလိုစိတ်နဲ့ မှားယွင်းတဲ့လုပ်ရပ်၏ ဆိုးကျိုး”(ပါချူပ်ဆရာတော်ဘုရားကြီး)

မနာလိုစိတ်နဲ့ မှားယွင်းတဲ့လုပ်ရပ်၏ ဆိုးကျိုး

ကြောက်စရာကောင်းတဲ့ အမှားအယွင်းဆိုတာ..
ဒေါသကြောင့် ဖြစ်စေ…
ပြောင်လှောင်၍ ဖြစ်စေ …
တစ်ခုခုကြောင့် စိတ်ဆိုးမာန်ဆိုး ဖြစ်တဲ့
အခါကြောင့်ဖြစ်စေ …
လူတွေဟာ မှားယွင်းတဲ့ အလုပ်တစ်ခုကို
လုပ်မိသွားတတ်တယ်။

ကြည့်၊ “ဇမ္ဗူက” ဆိုတဲ့ ပရဗိုဇ် တစ်ယောက် ရှိတယ်။
အဲ့ဒီ ဇမ်ဗူကဆိုတဲ့ ပရဗိုဇျကို လူတကာက
ကြည်ညိုကြတယ်။
အင်္ဂတိုင်းတို့၊ မဂဓတိုင်းတို့က လူတွေက
ကိုးကွယ်ကြတယ်။ အင်မတန် ဘုန်းကြီးတယ်။

ဘာဖြစ်လို့တုန်းဆိုတော့
သူက အစာမစားဘူး၊ လေကို စားတယ်။
အဝတ်မဝတ်ဘူး၊ ပြင်းထန်တဲ့အကျင့်ကို
ကျင့်တယ်လို့ ယုံကြည်ကြတယ်။
လူတွေက သူ့ကို တကယ့် အကျင့်
ကောင်းတဲ့ “ရဟန္တာ”လို့ သိကြတယ်။
သို့သော် တကယ် မဟုတ်ဘူး။
သူစားနေတာက ဘာတုန်းဆိုရင်
လူတကာစွန့်ထားတဲ့ “မစင်” ကို စားတာနော်။
လူတကာ စွန့်ထားတဲ့မစင်မှ သူက စားတာ။

ဒါလည်း သံသရာတစ်ခုတုန်းက သူက “အမှား”လုပ်ခဲ့လို့။
အဝတ်မဝတ်ဘူး၊ ဘာလို့ မဝတ်တာတုန်းဆိုတာ
သံသရာတုန်းက သူက အဝတ် မဝတ်စေတတ်တဲ့
အပြစ်ကို ဖြစ်ပေါ်လာစေတဲ့ ပြစ်မှုတစ်ခုကို
သူ ကျူးလွန်ခဲ့တယ်ပေါ့။

အရင်တုန်းက သူက ကျောင်းတစ်ကျောင်းမှာ
ကျောင်းထိုင်နေတဲ့ ကျောင်းထိုင် ဘုန်းကြီးတစ်ပါးပဲ။
အာဂန္တု တစ်ပါး ကြွလာတဲ့အခါ ကျောင်းဒကာက အဲဒီ
အာဂန္တု ကို ကြည်ညိုတယ်ပေါ့။
ဒါ ဘုန်းကြီးတွေ သတိ ထားရမည့်ဟာပေါ့။
ကြည်ညိုတော့ ကျောင်းဒကာက ဘာလုပ်တုန်းဆိုရင်
အာဂန္တု က ဆံပင်ရှည်နေလို့ ဆံပင် ရိတ်ဖို့ရာအတွက်
ဆေတ္တာသည်ပေါ့၊ ခုခေတ်လိုဆိုရင်
ဆံသက လူတစ်ယောက်ကို လွှတ်လိုက်တယ်ပေါ့။

အဲ့ဒီ အာဂန္တု ကျိန်းဖို့ ဆိုပြီးတော့
ကွပ်ပျစ်ကောင်းကောင်း အိမ်ကနေ သယ်ပြီးတော့ ပို့တယ်။
အာဂန္တုကို ဂရုတစိုက် လုပ်ပေးတယ်။

အဲ့ဒီလို အာဂန္တုကို ဂရုတစိုက် ပြုစုတာကို
ကျောင်းထိုင်ဘုန်းကြီးက မခံနိုင်ဘူး။
သူ့ထက်ပိုပြီး ကြည်ညိုတယ်လို့ စိတ်ထဲက
ထင်တယ်ပေါ့။
ဘုန်းကြီး တွေမှာလဲ အဲဒီလို ဖြစ်တတ်တယ်။
အဲလိုဖြစ်တာ “ဣဿာ” လို့ခေါ်တယ်။
မနာလို မရှုစိမ့်တဲ့ “ဣဿာ” ဖြစ်လာတာ။

ဣဿာ ဖြစ်လာတဲ့အခါကျတော့ အဲဒီ
အာဂန္တုကို ဒီမှာမနေအောင် သူကလုပ်တယ်။
သူက ဘာပြောတုန်းဆိုတော့ ….

“ကိုယ်တော်တဲ့၊ ဒီဒကာရဲ့ သင်တုံးဓားနဲ့
ခေါင်းရိတ်ခံမယ့်အစား ကိုယ်တော့်ခေါင်းက
အမွှေးကို ထန်းစေ့နဲ့ ဆွဲညှပ်နှုတ်တာကမှ
ကောင်းသေးတယ်”တဲ့။
ဆဲရေးတာပေါ့ ဟုတ်ကဲ့လား။
“ကိုယ်တော် ဒီဒကာကျွေးတဲ့ဆွမ်း စားမယ့်
အစား လူ့မစင်စားတာက ကောင်းသေးတယ်” တဲ့။
ဟော၊ သူက ဆဲရေးတာ။

ဘာဖြစ်လို့တုန်းဆိုရင် ဒီမှာ မနေအောင် သူကလုပ်တာ။
“ဒီဒကာပေးတဲ့ ကွပ်ပျစ် ပေါ် အိပ်မယ့်အစား
ကိုယ်တော်မြေကြီးပေါ်အိပ်တာ ကောင်းသေးတယ်”ပေါ့။
“ဒီသင်္ကန်းကြီးဝတ်မယ့်အစား
တုံးလုံးနေတာ ကောင်းသေးတယ်” နဲ့။
အဲဒီလို အာဂန္တု ကိုယ်တော်ကို
ပြစ်မှားပြီးတော့ ဆဲရေးတယ်။
ဒကာက “အရှင်ဘုရား အာဂန္တု ပင့်ပြီးတော့
ကြွခဲ့ပါ” လို့ မှာထားတာ။
မနက်မိုးလင်းတဲ့အခါကျတော့ အာဂန္တု နိုးမှာစိုးလို့နော်။
သက်ကယ်ရိုးလေးနဲ့ ခေါင်းလောင်းထိုးသတဲ့။

တစ်ကယ်က အာဂန္တု ကို မနှိုးဘဲနဲ့
တိတ်တဆိတ် သူက ဒကာအိမ်ကြွသွားတယ်။
ဒကာက
“အရှင်ဘုရား၊ အာဂန္တု မပါဘူးလား” ဆိုတော့
“ဒကာကြီးရဲ့ကိုယ်တော် တစ်ခါတည်း
ဘယ်လောက်ထိအောင် အိပ်နေမှန်းမသိဘူးပေါ့လေ။
ခေါင်းလောင်း ထိုးတာတောင် မနိုးဘူး”
အပြစ်ပြောတဲ့အခါ ကျောင်းဒကာက
“အရှင်ဘုရား၊ ခရီးပန်းလာလို့ နေမှာပါ”
ဆိုပြီးတော့ သူ့ကိုဆွမ်းကပ်တယ်။

အာဂန္တု အတွက် ဆွမ်းတစ်သပိတ် လှူလိုက်တယ်။
“အာဂန္တုနိုးလို့ရှိရင် ကျွေးလိုက်ပါဘုရား”
အဲဒီ ဆွမ်းသပိတ်ကို လမ်းမှာပဲ သွန်ပစ်ခဲ့တယ်။
ကြည့်နော်၊ မှားယွင်းတဲ့ လုပ်ရပ်တွေ သူလုပ်ခဲ့တယ်။

တစ်သက်စာလဲ မဟုတ်ဘူး။
တစ်ခဏစာလေး အတွက် သူဟာ
မနာလိုစိတ် နဲ့ မှားယွင်းတဲ့လုပ်ရပ်တွေ သူလုပ်ခဲ့တယ်။
အဲဒီလိုလုပ်ပြီး ကျောင်းပြန်ရောက်တဲ့အခါ
အာဂန္တု အိပ်တဲ့အခန်း သွားကြည့်တယ်။
မရှိတော့ဘူး။
အဲဒီကျတော့မှ သူ ထိတ်ထိတ်ပျာပျာ ဖြစ်သွားတယ်ပေါ့။
“ငါ့ရဲ့လုပ်ရပ်တွေကို သိတဲ့ပုဂ္ဂိုလ်ဖြစ်မယ်”။

အဲဒီပုဂ္ဂိုလ်က ရဟန္တာ ပုဂ္ဂိုလ်ကြီး။
ရဟန္တာ ပုဂ္ဂိုလ်ကို ပြစ်မှားမိတဲ့ အတွက်ကြောင့်
သေတဲ့အခါ “ငရဲ” ကျတယ်။
အခု နောက်ဆုံးဘဝ ရောက်တဲ့အခါ သူဟာ
မွေးလာတဲ့ အချိန်ကတည်းက
နို့တိုက်ရင် နို့မစို့ဘူး၊ ဘာစားတုန်း ဆိုရင်
●ကိုယ့် “မစင်” ကိုယ်ပြန်စားတယ်။ ကြည့်နော်၊
ကိုယ့် မစင် ကိုယ်ပြန်စားတယ်။ လူကြီးတွေကတော့
“ဪ၊ကလေးမို့ မသိတတ်လို့” ဆိုပြီးတော့နေကြတယ်။

ဘာ ဟုတ်မလဲ၊ အရွယ်လေး ရောက်လာတယ်။
စကားလေး ဘာလေး ပြောတတ်၊ လမ်းလေး
ဘာလေး လျှောက်တတ်တဲ့ အချိန်မှာလည်း
ထမင်းရယ်လို့ ဟုတ်တိပတ်တိ မစားဘူး။
လူအလစ်မှာ မစင်ပဲ သွားစားတယ်။

ကြာတော့ အဖေ အမေတွေက သူ့ရဲ့အကျင့်တွေ
တွေ့လာတဲ့အခါ လက်မခံတော့ဘူး။
အိမ်ကနေပြီး တော့ နှင်ထုတ်တယ်။
နှင်ထုတ်တော့ အစေလက အဝတ်မဝတ်တဲ့ဂိုဏ်းထဲ
ရောက်သွားတယ်။

အဲ့ဒီမှာ သူ့ဆံပင်ကို ထန်းစေ့လေးနဲ့
ဆွဲပြီး နှုတ်ခံရတယ်။
သူပြောခဲ့တဲ့အတိုင်း အဝတ်မဝတ်ရဘူး။
မြေကြီးပေါ်မှာ အိပ်ရတယ်။
အဲဒီလိုနေပြီး အစေလက အဖွဲ့တွေက
မြို့ထဲ၊ရွာထဲ ဆွမ်းခံသွားတဲ့အခါမှာ သူ့ကို
ခေါ်တာ မလိုက်ဘူး။
ကျောင်းမှာပဲကျန်ရစ်တယ်။
ရလာတဲ့ အစားအစာတွေ သွားကျွေးတဲ့အခါ
သူကလက်မခံဘူး၊ မစားဘူး ဆိုပြီးတော့နေတယ်။

“ဒီကိုယ်တော် ဘာစားနေသလဲ” ဆိုပြီးတော့
ဆွမ်းခံသွားတဲ့အခါ တစ်ယောက်ကို
ချောင်းကြည့်ခိုင်းတယ်။
သူက ဘာလုပ်လဲဆိုတော့ သူများသွားပြီဆိုရင်
အိမ်သာဖွင့်ပြီးတော့ “လူ့မစင်” တွေကို အားရပါးရစားတာ။
အဲဒါနဲ့ အစေလကတွေကလည်း မစင်စားတယ်ဆိုတော့
မကောင်းသတင်း ထွက်မှာစိုးလို့ သူ့ကို
မောင်းထုတ်လိုက်ကြတယ်။

မောင်းထုတ်လိုက်တဲ့အခါ လူတကာ မစင်စွန့်တဲ့
နေရာ ကျောက်ဖျာဘေး သွားပြီးနေတယ်။
လူတွေ မမြင်တဲ့အခါမှာ မစင်တွေစားတယ်၊
ပြီးတော့ ဘာလုပ်လဲဆိုရင် ခြေထောက်တစ်ဖက်မြှောက်၊
ပါးစပ်ဟပြီးတော့ နေတယ်။
“သူဟာ လေစားတယ်၊ အစာမစားဘူး”။
လိမ်တာညာတာနော်။

နောက်ပိုင်းကျတော့
“ဪ၊ အစာမစားဘူး၊ လေစားတယ်”ဆိုပြီးတော့
ဘုန်းကြီးလာတယ်။
တကယ်တော့ စားတာ လူတွေ
စွန့်တဲ့ မစင်ကို စားနေတာ။
တကယ်တော့ သူဟာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။
“ရဟန္တာ” ဖြစ်နိုင်တဲ့ အနေအထားရှိတယ်။
ဒါနဲ့ မြတ်စွာဘုရား ကြွသွားပြီးတော့
သူ့ရဲ့လုပ်ရပ်တွေ ဖော်ထုတ်တယ်။
မြတ်စွာဘုရားတရား နာရတဲ့အခါ သူဟာ
အကျွတ်တရားရပြီး ရဟန္တာကြီးဖြစ်သွားတယ်။

ကဲ၊ ဘယ်လောက် ကြောက်စရာကောင်းတုန်း။
ရဟန္တာ ဖြစ်မယ့်ဘဝတောင် မစင်စားရတဲ့ ဘဝမျိုး
ရောက်သွားသေးတယ်။

အဲ့ဒါ တစ်ကြိမ် တစ်ခါတုန်းက အမှားလုပ်ခဲ့လို့ပဲ။
ဒါကြောင့် သံသရာခရီးသွား အမှား မလုပ်မိစေနဲ့တဲ့နော်။။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ

..Credit….

Be the first to comment

Leave a Reply

Your email address will not be published.


*