ချယ်ဆီးကြယ်ပွင့် ကျိန်းသေပြောင်းလာမယ်လို့ ယုံနေတဲ့ ဘိုင်ယန်အသင်းသားများ

ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်ဆီးတောင်ပံကြယ်ပွင့် ဟတ်ဒ်ဆန်အိုဒွိုင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေချိန်မှာ အသင်းသားအများစုက ချယ်ဆီးကြယ်ပွင့် ရောက်လာလိမ့်မယ်လို့ မျှော်မှန်းထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ပြင်းထန်တဲ့ဒဏ်ရာပြဿနာကနေ ပြန်လည်ကောင်းမွန်လာပြီးကတည်းက ဖရန့်လမ်းပတ်ရဲ့ပွဲထွက်ကစားသမားစာရင်းထဲကို ဝင်ရောက်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ယခုနွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ဂျ်ကို နာမည်ကြီးကစားသမားအများအပြား ထပ်မံရောက်ရှိလာခဲ့ပြီးနောက် ပွဲထွက်ခွင့်ရဖို့ ပိုမိုဝေးကွာလာခဲ့တာဖြစ်ပါတယ်။ ဟတ်ဒ်ဆန်အိုဒွိုင်းဟာ ပြီးခဲ့တဲ့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ခွင့် မရရှိခဲ့ဘဲ ဘရိုက်တန်နဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာလည်း အရန်ခုံကနေသာ လူစားဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

အိုဒွိုင်းဟာ ၎င်းရဲ့ ပွဲကစားချိန်မရှိမှုကြောင့် စိုးရိမ်ပူပင်မှုတွေ မြင့်တက်နေမယ်လို့ ယုံကြည်ရပြီး အထူးသဖြင့် ဟာကင်ဇီယက်နဲ့ ပူလီဆစ်တို့ ဒဏ်ရာကနေ ပြန်လည်သက်သာလာရင် ၎င်းရဲ့ ပွဲထွက်ခွင့်ဟာ ဒီထက်တောင် ပိုပြီး အကန့်အသတ်ရှိလာဖွယ်ရှိနေတာဖြစ်ပါတယ်။ ဟတ်ဒ်ဆန်အိုဒွိုင်းရဲ့ကိုယ်စားလှယ်တွေက ၎င်းရဲ့အနာဂတ်အတွက် ချယ်ဆီးအသင်းနဲ့ တွေ့ဆုံဆွေးနွေးချင်နေပြီး လမ်းပတ်က လာမယ့်နွေရာသီမှာ ယူရိုပြိုင်ပွဲရှိနေတာကြောင့် အိုဒွိုင်းကို ပုံမှန်ပွဲကစားချိန်ရအောင် အငှားနဲ့တော့ ထွက်ခွာခွင့်ပြုသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ချယ်ဆီးဆယ်ကျော်သက်ကြယ်ပွင့်ကို အရင်ကတည်းက စိတ်ဝင်စားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းက ၂၀၂၀-၂၀၂၁ ရာသီအငှားနဲ့ ခေါ်ယူနိုင်ဖို့အတွက် ရေပန်းအစားဆုံးအသင်းအဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဥရောပချန်ပီယံဟာ လွန်ခဲ့တဲ့ ၁၈ လလောက်ကတည်းက ဟတ်ဒ်ဆန်အိုဒွိုင်းကို ခေါ်ယူနိုင်ခဲ့ရမှာလို့ ထင်မြင်ခဲ့တာဖြစ်ပြီး အိုဒွိုင်းဟာ ချယ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အစပိုင်းမှာငြင်းပယ်ခဲ့ပေမယ့် လမ်းပတ်လက်အောက်မှာ အခွင့်အရေးပိုမိုရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နောက်ဆုံးမှာ စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။