ဘောကန်ဖိနပ် စပွန်ဆာစာချုပ်ကနေ အလန်းစားဝင်ငွေရရှိနေကြတဲ့ ဘောလုံးသမားများ

အောင်မြင်မှုတွေရရှိခဲ့ပြီးသား ဘောလုံးသမားတဦးအတွက် လက်ရှိ ကွင်းထဲမှာ ပြသနေတဲ့ခြေစွမ်း၊ အသင်းအပေါ်အကျိုးသက်ရောက်မှုတွေ အစရှိတဲ့အချက်တွေမှာ ညံ့ဖျင်းနေပါစေဦးတော့ သူတို့ရဲ့အောင်မြင်မှု အရှိန်အဝါကြောင့် သူတို့နဲ့မှ ကြော်ငြာရိုက်ချင်တာပါဆိုတဲ့ လုပ်ငန်းရှင်တွေ ဒုနဲ့ဒေးပါ။

နာမည်ကြီး ကစားသမား‌တွေဆိုရင် ပုံရိပ်အသုံးပြုခကနေရတဲ့ဝင်ငွေဟာ သူတို့ရဲ့လစာတွေလိုပဲ အပုံလိုက်ကြီးကို ရရှိနေကြတာပါ။ အဲ့ဒီလိုတွေထဲကမှ ဖိနပ်စပွန်ဆာကနေ ဝင်ငွေအမိုက်စားရရှိနေကြတဲ့ ကစားသမား ၁ဝဦးနဲ့ သူတို့ရရှိနေကြတဲ့ ဖိနပ်စပွန်ဆာကြေးတွေကို ဖော်ပြပေးသွားမှာပါ။

၁၀။ မိုဆာလား (ပေါင် ၂.၅သန်း)

လီဗာပူးအသင်းရဲ့ ‘အီဂျစ်ဘုရင်ကြီး’ ကတော့ adidas ကုမ္ပဏီရဲ့ X18 ဖိနပ်ကို ဝတ်ဆင်ကစားဖို့ ချုပ်ဆိုထားတဲ့ စပွန်ဆာ စာချုပ်ကနေ တနှစ်ကို ပေါင်၂.၅သန်း အထိရရှိကာ ဖိနပ်စပွန်ဆာကြေးအများဆုံး ရရှိတဲ့ ကစားသမား၁ဝဦး စာရင်းကို ပါဝင်လာခဲ့ပါတယ်။

၉။ မာကိုဗာရက်တီ (ပေါင် ၂.၅သန်း)

မာကိုဗာရက်တီဟာ Nike အားကစားကုမ္ပဏီဆီကနေ အံ့အားသင့်ဖွယ် စပွန်ဆာကြေးတရပ်ကို ရရှိနေပါတယ်။ အံ့အားသင့်ဖွယ်လို့ ‌ရေးရတာက ဒီအီတလီသားကွင်းလယ်လူဟာ အခြားသောကစားသမားတွေလို ဈေးကွက်ဝင်ကစားသမားတဦး မဟုတ်လို့ပါပဲ။

သူဟာ အရင်စပွန်ဆာ Pumaနဲ့ စာချုပ်ကို ၂၀၁ရမှာ ရပ်တန့်ခဲ့ပြီး Nikeနဲ့ တနှစ်ပေါင် ၂.၅သန်းတန် စာချုပ်ကို ၁ဝနှစ်စာ ချုပ်ဆိုထားခဲ့ပါတယ်။

၈။ ပေါလ်ပေါ့ဘာ (ပေါင် ၃သန်း)

မန်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူပေါပေါ့ဘာကတော့ adidas ကုမ္ပဏီနဲ့ သူတို့ရဲ့ အသစ်ထွက်ဖိနပ် predator ကို ဝတ်ဆင်ကစားဖို့အတွက် တနှစ်ပေါင် ၃သန်းနဲ့ ၁ဝနှစ်စာ ပေါင်သန်း ၃ဝတန် စာချုပ်ကို ချုပ်ဆိုထားခဲ့သူဖြစ်ပါတယ်။သူ့ရဲ့စာချုပ်က‌လည်း ၂၀၂၄မှာ ပြည့်မှာဖြစ်ပါတယ်။

၇။ အန်တိုနီဂရစ်စမန်း (ပေါင် ၃.၅သန်း)

၂၀၁၅ခုနှစ်မှာ Puma ကုမ္ပဏီက သူတို့ရဲ့ စူပါစတား ဂရစ်စမန်းကို နှစ်ရှည်စာချုပ် ချုပ်ဆိုနိုင်ဖို့ စပွန်ဆာကြေး ပေါင် ၃သန်း(တနှစ်စာ) အထိပေးကာ ၁ဝနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ဒါအပြင် Puma ကုမ္ပဏီဟာ ဂရစ်စမန်းနဲ့ စာချုပ်ချုပ်ဆိုခြင်း ၁ဝနှစ်ပြည့် အမှတ်တရအနေနဲ့လည်း ၂၂၉ပေါင်တန် ဘောကန်ဖိနပ် Future 4.1 NETFIT Grizi ကိုလည်း Limited Edition အနေနဲ့ ထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်။

၆။ ဂါရတ်ဘေး (ပေါင် ၄သန်း)

ဂါရတ်ဘေးကြီးဟာ ရီရဲအသင်းရဲ့ အရံခုံမှာ ထိုင်နေရင်း လစာ တပတ်ပေါင်၆သိန်း ရနေယုံသာမက Adidas ကပေးတဲ့ စပွန်ဆာအရလည်း တနှစ်ကို ပေါင် ၄သန်းအထိ ရရှိနေခဲ့ပါတယ်။အခု စပါးအသင်းကို ပြန်လည်ရောက်ရှိလာတဲ့ ဂါရတ်ဘေးတယောက် ပုံမှန်ခြေစွမ်းပြန်လည်ရရှိဖို့ကို Adidasက အမှန်အကန်မျှော်လင့်နေပါတယ်။

၅။ မာရီယို ဘာလော့တယ်လီ (ပေါင် ၅သန်း)

သူ့ကိုတော့ မှတ်မိကြဦးမယ်ထင်ပါတယ်။ တချိန်တုန်းက အကောင်းဆုံးလူငယ်ကစားသမားတဦးလို့ သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဘာလော့တယ်လီတယောက် လက်ရှိအချိန်မှာတော့ စီးရီးဘီကလပ် ဘရက်ရှားအသင်းမှာ ကစားရင်း လူမသိ သူမသိဘဝကို ရောက်နေခဲ့ရပါပြီ။ဒါပေမယ့် ၂၀၁၄ခုနှစ်က Puma ကုမ္ပဏီနဲ့ ချုပ်ဆိုခဲ့တဲ့ ၁ဝနှစ်စာ စာချုပ်အရတော့ သူဟာ တနှစ်ကို စပွန်ဆာကြေး ပေါင်၅သန်း ရရှိနေဆဲပါပဲ။

၄။ ကိုင်လီယန်ဘတ်ပေ (ပေါင် ၁၄သန်း)

ပေါင် ၁၄သန်းအထိ ခုန်တက်သွားပါပြီ။ငယ်ငယ်ရွယ်ရွယ်နဲ့ မရဖူးသေးတဲ့ဖလား အနည်းငယ်သာ ရှိတော့တယ်လို့ ဆိုရမယ့် ဒီပြင်သစ်သား တိုက်စစ်မှူးလေးကတော့ Nikeကုမ္ပဏီနဲ့ တနှစ်ကို စပွန်ဆာကြေး ၁၄သန်းနဲ့ ၁ဝနှစ်စာ သန်း၁၄ဝတန် စာချုပ်ချုပ်ဆိုထားခဲ့သူပါ။

၃။စီရော်နယ်ဒို (ပေါင် ၁၅သန်း)

စီရော်နယ်ဒိုဟာ Nikeကုမ္ပဏီရဲ့ အမြင့်မားဆုံး စပွန်ဆာကြေး ရရှိထားတဲ့သူဆိုရင်လည်း မမှားပါဘူး။ သူဟာ စာချုပ်အရ တနှစ်ကို ပေါင်၁၅သန်းတိတိ ရရှိနေခဲ့သူပါ။

ပြီးတော့ သူဟာ Nikeကုမ္ပဏီနဲ့ ရာသက်ပန် စာချုပ်ချုပ်ဆိုခဲ့ပြီး ဒီလိုချုပ်ဆိုတဲ့ ကစားသမားတွေထဲမှာ တတိယမြောက် ကစားသမားဖြစ်ခဲ့ပါတယ်။ သူရဲ့ရှေ့မှာတော့ ဘက်စကက်ဘောကစာသမားတွေဖြစ်ကြတဲ့ မိုက်ကယ်ဂျော်ဒန်၊ လီဘရွန်ဂျိမ်းတို့ ရှိနေခဲ့ပါတယ်။သူဟာ ဒီစပွန်ဆာကနေ စုစုပေါင်းသန်းရ၈ဝလောက် ဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။

၂။ လီယွန်နယ်မက်ဆီ (ပေါင် ၁၈သန်း)

စီရော်နယ်ဒိုကို အားကျမခံ မက်ဆီကလည်း Adidas ကုမ္ပဏီနဲ့ ရာသက်ပန်စပွန်ဆာစာချုပ်ကို ၂၀၁ရခုနှစ်က ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်အရ မက်ဆီဟာတနှစ်ကို ပေါင် ၁၈သန်း ရရှိမှာ ဖြစ်ပါတယ်။

ဒါအပြင် Ballon d’Or ၆ကြိမ်ရ မက်ဆီ့ကို ဂုဏ်ပြုသောအားဖြင့် Adidas ကုမ္ပဏီက Adidas Messi ဆိုပြီး အမည်ခွဲတခုနဲ့ ဘောကန်ဖိနပ်တွေကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒါကြောင့် မက်ဆီဟာ ဒီလိုဂုဏ်ပြုခြင်းခံရတဲ့ ပထမဆုံးသော ကစားသမားဖြစ်ခဲ့ပါတယ်။

၁။ နေမာ (ပေါင် ၂၃သန်း)

Nike ကုမ္ပဏီနဲ့ ပူပူနွေးနွေးလမ်းခွဲထားတဲ့ ဘရာဇီးစတားနေမာကို Puma ကုမ္ပဏီကနေ ရက်ရက်စက်စက်များပြားလှတဲ့ စပွန်ဆာကြေးတရပ်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။တနှစ်ကို ပေါင် ၂၃သန်း…ဒါဟာ ကစားသမားတဦးအတွက် အားကစားလောကမှာ အများပြားဆုံးသော စပွန်ဆာကြေးတရပ်ပါပဲ။

နေမာက လက်ရှိဘောလုံးလောကမှာ ဘောစကေးအကောင်းဆုံး ကစားသမားတယောက်လို့ Pumaက ယုံကြည်နေပြီး ရော်နယ်ဒို၊ မက်ဆီတို့ ကျသွားတဲ့အချိန်ကိုရောက်လာခဲ့ရင် အကောင်းဆုံးဆုတွေကို နေမာဆွတ်ခူးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။