ရော်နယ်ဒိုကို အကြောင်းမသိခင် တစ်ခါငေါက်ပြီးကတည်းက ထပ်မငေါက်ရဲတော့တဲ့ ဖာဂူဆန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမားဟောင်း နီမန်ဂျာဗီဒစ်က မန်ချက်စတာယူနိုက်တက်အသင်းက ဆာအဲလက်စ်ဖာဂူဆန်နဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ရဲ့ အစောပိုင်းကာလ ဆက်ဆံရေးအကြောင်းကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အသက် ၁၈ နှစ်သားအရွယ် ၂၀၀၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကို စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းမှာ ၆ နှစ်ကြာ ကစားပေးခဲ့တဲ့ကာလအတွင်း ဆာအဲလက်စ်ဖာဂူဆန်နဲ့ အဖေနဲ့သားလို ဆက်ဆံရေးမျိုး ရှိခဲ့သူဖြစ်ပါတယ်။ ဆာအဲလက်စ်ရဲ့ လေးစားဖွယ်ပြုစုပျိုးထောင်မှုအောက်မှာ ရော်နယ်ဒိုဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် ဖွံ့ဖြိုးလာခဲ့ပေမယ့်လည်း ဖာဂူဆန်နဲ့ ရော်နယ်ဒိုတို့ရဲ့ဆက်ဆံရေးက အမြဲတမ်းကောင်းခဲ့တာတော့မဟုတ်ခဲ့ပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဗီဒစ်က အစောပိုင်းကာလတွေဆီက စကော့သားကြီး ဦးစိတ်တိုနဲ့ ရော်နယ်ဒိုတို့ရဲ့ ဆက်ဆံရေးအကြောင်းကို အခုလိုပဲ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

“ဆာအဲလက်စ်က သူ့ကို အော်ငေါက်လိုက်တဲ့အချိန်မှာ ရော်နယ်ဒို မပျော်မရွှင်ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်”

“အစပိုင်းမှာ သူ ရော်နယ်ဒိုကို တစ်ခါပဲ တစ်စုံတရာပြောခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒိုက အဲဒါကို ငိုမဲ့မဲ့နဲ့ လက်ခံခဲ့ပါတယ်”

“သူက အဲဒါကို ပုဂ္ဂိုလ်ရေးအရ လက်ခံခဲ့ပေမယ့် သူက အရမ်းငယ်ရွယ်ပါသေးတယ်။ သူက အသက် ၂၀ ပဲရှိသေးတာလေ”

ဒါပေမယ့်လည်း ဆာအဲလက်စ်ဖာဂူဆန်ဟာ အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း ရော်နယ်ဒိုကို ကွဲပြားခြားနားတဲ့ပုံစံနဲ့ ချဉ်းကပ်ခဲ့တယ်လို့ ဗီဒစ်က ဆိုပါတယ်။

“ခင်ဗျား သိသွားမယ်ဆိုတာ ဟုတ်တာပေါ့။ ကျွန်တော်တောင် သိသွားတယ်။ နောက်တစ်ခါ ခင်ဗျား သူ့ကို အမှားတစ်ခုခု သူလုပ်ရင်တောင် အဲဒီလို ပြောတော့မှာမဟုတ်ပါဘူး”

“သူ့ကို မပြောတာက ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုမှမဟုတ်ရင် သူက အရမ်းစိတ်ထိခိုက်ပြီး ခင်ဗျားကို ပိုကောင်းမွန်လာအောင် ကူညီပေးနိုင်တော့မှာမဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။