အံ့အားသင့်ဖွယ်ကာကွယ်မှုတွေ ပြုလုပ်ပြီး ဒီဂီယာကို ခြိမ်းခြောက်လိုက်တဲ့ ဟန်ဒါဆန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ မနေ့ညကကစားခဲ့တဲ့ လူတန်တောင်းအသင်းနဲ့ပွဲမှာ အသင်းအတွက် ပွဲထွက်ခွင့်စတင်ရရှိခဲ့ပြီး ပေးဂိုးမရှိအောင်စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။ ရှက်ဖီးမှာ အငှားကစားသမားဘဝနဲ့ လက်စွမ်းပြခဲ့တဲ့ ဟန်ဒါဆန်ကို ယူနိုက်တက်က ပြန်လည်ခေါ်ယူခဲ့ပြီးနောက် မနေ့ညကပွဲမျာ ဆိုးလ်ရှားက အသုံးပြုခဲ့တာပါ။

အဲဒီပွဲမှာတော့ ဒင်းဟန်ဒါဆန်က သေချာပေါက်ဂိုးပေးရနိုင်တဲ့ အခွင့်အရေးတစ်ခုကို ဟန့်တားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၈၁ မိနစ်မှာ နသန်ဂျုံးစ်ရဲ့ ခေါင်းတိုက်သွင်းယူမှုကို ဟန်ဒါဆန်က အံ့အားသင့်ဖွယ်ကာကွယ်ပြခဲ့တာဖြစ်ပြီး သူ့ရဲ့ကာကွယ်မှုနဲ့ပတ်သက်ပြီးတော့ မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေက ချီးကျူးမှုတွေပြုလုပ်ခဲ့ကြပါတယ်။
ဒါဟာ စပိန်ဂိုးသမားဒီဂီယာအတွက်တော့ ဖိအားတွေရှိလာခဲ့တာလည်းဖြစ်ပါတယ်။ နံပါတ် ၂ ဂိုးသမားနေရာမှာ ရှိနေတဲ့ ဟန်ဒါဆန်က သူ့ကိုခြိမ်းခြောက်လာခဲ့ပြီဖြစ်ပြီး အမှားအယွင်းတွေပြုလုပ်မိမယ်ဆိုရင် အချိန်မရွေးနေရာပျောက်သွားနိုင်တယ်ဆိုတဲ့ အသိကို ဒီဂီယာတစ်ယောက်ရရှိနေမှာဖြစ်ပြီး ယူနိုက်တက်ရဲ့ ဂိုးပေါက်ဝက တိုက်ပွဲတွေက ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာခဲ့ပါပြီ။

ယူနိုက်တက်ဟာ ၃ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တယ်ဆိုပေမယ့် အသင်းငယ်လေးလူတန်တောင်းကို အဓိကကစားသမားတချို့နဲ့ ရင်ဆိုင်ခဲ့ပြီး သွင်းဂိုး ၂ဂိုးကလည်း နောက်ံဆုံးမိနစ်တွေမှသာ ရရှိခဲ့တာဖြစ်ပါတယ်။ အသင်းကစားပုံနဲ့ ကြိုးစားအားထုတ်မှုပိုင်းမှာ လိုအပ်ချက်တွေရှိနေသေးပြီး ဆိုးလ်ရှားအနေနဲ့ အကောင်းဆုံးပုံစံကိုရရှိအောင် မတည်ဆောက်နိုင်သေးဘူးလို့ ယူဆရပါတယ်။