ယူနိုက်တက်နဲ့ အလွဲများစွာကို မချိတင်ကဲ ဝေဖန်လိုက်တဲ့ အီဗရာ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဥ်မှာ ခရစ်စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ယူနိုက်တက် အသင်းနဲ့ ပြင်သစ်လက်ရွေးစင်ဟောင်း အီဗရာတယောက် သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာအပေါ်မှာ မိနစ် ၂၀ ခန့် ဗီဒီယိုနဲ့ ဒီရှုံးပွဲအပေါ်မှာ ဝမ်းနည်းစွာ ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။

၃ ဂိုး ၁ ဂိုးနဲ့ ခရစ်စတယ်ပဲလေ့စ်လို အသင်းမျိုးကို ရှုံးနိမ့်ခဲ့ရတာဟာ ယူနိုက်တက်အနေနဲ့ အောက်တိုဘာ ၅ ရက် အပြောင်းအရွေ့ စျေးကွက်မပိတ်သိမ်းမီ ကစားသမားခေါ်ယူဖို့ လိုအပ်နေသေးကြောင်း မီးမောင်းထိုးပြလိုက် သလိုပါပဲ။

ယူနိုက်တက်ဟာ သူတို့ရဲ့ အဓိကပစ်မှတ် ဆန်ချိုကို လအတော်ကြာ ချိတ်ဆက်နေပေမဲ့ သဘောတူညီမှုရဖို့ အခုထိ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့်ပဲ ဒီရာသီကို ဘန်ဒီဘိခ် တစ်ဦးတည်းပဲ အားဖြည့်ခေါ်ယူကာ စတင်ခဲ့ရပါတယ်။။

မန်ချက်စတာယူနိုက်တက် ဘယ်နောက်ခံလူဟောင်း အီဗရာကတော့ ယူနိုက်တက်ရဲ့ အပြောင်းအရွေးတွေကို စေ့စပ်ညှိနှိုင်းသူ ဂျာ့မတ် ကို အဓိကထား ဝေဖန်ခဲ့တာ ဖြစ်ပြီး ဒုတိယဥက္ကဌဖြစ်သူ အက်ဝုဒ်ဝါ့ဒ်ကိုလည်း ယုံကြည်မှု လွန်ကဲလွန်းတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အီဗရာက ” ကျွန်တော့်ဖုန်းကို ထိပ်တန်းအသင်းတစ်သင်းက နာမည်ကြီး ဒါရိုက်တာ တစ်ယောက်က ခေါ်ခဲ့ပါတယ်။ သူက ‘ ပက်ထရစ် ဂျာ့မတ်ကို ဖုန်းကိုင်ဖို့ တစ်ဆင့်ပြောနိုင်မလား ‘ တဲ့။”

“အသင်းတာဝန်ရှိသူတွေကကစားသမားနဲ့ စကားပြောဖို့ ရှေ့နေတွေ လွှတ်ပေးရမယ်ဆိုတာ နားလည် ထားရမယ်။ အခုတော့ သူတို့က ငွေရေးကြေးရေးတွေ အကြောင်းပဲ ပြောနေတာ၊ ပြောရရင်ဘောလုံးလောကနဲ့ နီးစပ် သူတွေတောင် မဟုတ်ပါဘူး။ ” လို့ အီဗရာက စတင်ခဲ့ပါတယ်။

ဆက်လက်ပြီး ” သန်း ၂၀ လောက် တန်ပဲကြေးရှိတဲ့ ကစားသမားကို စေ့စပ်ညှ်နှိုင်းရင်းနဲ့ သန်း ၁၀၀ လောက်ထိဖြစ်သွားတယ်။ ကစားသမားတောင်မှ အသင်းကနေ ငွေတွေ မလိုချင်တော့လောက်တဲ့ အထိ ဖြစ်သွားတတ်တော့တာပဲ။ ”

” ကျွန်တော်တို့ မတိုင်ခင်တုန်းက ဘော်ဘီချာတန်၊ ဂျော့ဘက်တို့နဲ့ အဲ့ဒီတုန်းက ကစားသမားတွေဟာ ယူနိုက်တက်ရဲ့ သမိုင်းမှတ်တမ်းကို ရေးထိုးပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ လေးစားအားကျ ခဲ့ရတဲ့ အချိန်ကာလပေါ့။”

” သူတို့ ၁၉၉၉ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဖလား ရရှိခဲ့သလိုပဲ ကျွန်တော်တို့ဟာလည်း ၂၀၀၈ လုနှစ်မှာ ချန်ပီယံလိဂ် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အချို့လူတွေက ဘာလို့ ဒီသမိုင်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းဖို့ မကြိုးစားနိုင်ရတာလဲ။ ဘာအကြောင်းပြချက်တွေကြောင့်လဲ။ ကျွန်တော်တို့တုန်းက လက်ရှိအခြေအနေထက် အများကြီး ပိုကောင်းမွန်ခဲ့တာပါ။ ” လို့ အီဗရာက ပေါက်ကွဲခဲ့ သေးတာပါ။

ယူနိုက်တက် ပရိသတ်တွေကတော့ ဝုဒ်ဝါ့ဒ်ကို ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်နေကြပြီး သူဟာ မနှစ်ကလည်း အိမ်ပြန်တဲ့လမ်းမှာ ပရိသတ်အချို့ရဲ့ တိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။

” ကျွန်တော်ကတော့ ဝုဒ်ဝါ့နဲ့ ပြဿာနာ တစ်ခုခုရှိရင် သူ့ကိုဆိုရှယ်မီဒီယာမှာ ဝေဖန်တိုက်ခိုက်နေမှာ မဟုတ်ပါဘူး။ သူ့ကို စာပို့မယ် ဒါမှမဟုတ် ဖုန်းခေါ်ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးသွားမှာပါ။ ကျွန်တော်တို့သူ့ကို အများကြီး အပြစ်တင်သလို ဖြစ်နေပါပြီ။ သူနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ မယံကြည်သင့်တဲ့ သူတွေကို ယုံကြည်မှု လွန်ကဲနေတာပါပဲ။ ”

” သူက ကလပ်အသင်း အပြင်ဘက်က သူတွေကိုတောင် ယုံကြည်တတ်ပါတယ်။ စီမံခန့်ခွဲမှု ဒါရိုက်တာ ရစ်ချတ်အာနိုးလို လူမျိုးဆိုရင်လည်း သူ့ကြောင့်အသင်းက ဝင်ငွေတွေ ရရှိတာ အမှန်ပါ။ သူဟာ မမျှော်မှန်းနိုင်လောက်တဲ့ စပွန်ဆာ အကြီးကြီးတွေလည်း ရှာပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ အသင်းဟာ ပိုက်ဆံတွေရတာပေါ့။ ”

” ဒါပေမဲ့ ကစားသမားတွေတော့ ရရှိမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ကဝင်ငွေတွေ ရရှိအောင် လုပ်နိုင်ပေမဲ့ သူ့ကို ကစားသမား ခေါ်ယူနိုင်ဖို့ အားကိုးရင်တော့ မှားယွင်းတဲ့ ကိစ္စရပ်တစ်ခုပါပဲ။ ဆိုးရှားကတော့ အခုအချိန်မှာ ကစားသမားတွေကို ချဥ်းကပ်ပြီး ဖာဂူဆန်လုပ်ခဲ့သလိုမျိုး ကိုယ်တိုင်စကားပြောဖို့ ကြိုးစားနေလောက်ပါပြီ။ ” လို့ သူ့ရဲ့အင်စတာဂရမ် ဗီဒီယိုကနေတစ်ဆင့် ပြောခဲ့ပါတယ်။

ယူနိုက်တက်ကတော့ အောက်တိုဘာလ ၅ ရက် အပြောင်းအရွေ့ နောက်ဆုံးရက် မတိုင်ခင်အထိ ဒေါ့မွန်အသင်းရဲ့ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ကြိုးစားလုပ်ဆောင် နေပေမယ့် နည်းပြ ဆိုးရှားအနေနဲ့ အရံအစီအစဥ်တစ်ခုတော့ စဥ်းစားထားဖို့ လိုအပ်နေပါပြီ။

အီဗရာက သူ့အနေနဲ့ ယူနိုက်တက်ရဲ့ လက်ရှိအခြေအနေကို အရမ်းစိတ်ပျက်နေပြီး အသင်းဟောင်းအတွက် သူ့ရင်ထဲကလာတဲ့ စကားတွေကို အခုလိုပဲ ဖွင့်ထုတ်ခဲ့ပါသေးတယ်။

သူက ” တစ်ချို့လူတွေက ဒီအသင်းအတွက် အကောင်းဆုံး ကြိုးစားနေပြီး တစ်ချို့သူတွေကတော့ အသင်းကို ပျက်စီးစေပါတယ်။ ဒါကြောင့်မလို့ ပရိသတ်တွေကို အမှန်တရား ပြောပြရမှာပါပဲ။ တစ်ချို့လူတွေက ဒီအမှန်တရားတွေကို ပြောဆိုဖို့ ကြောက်ရွံနေကြတာ ကျွန်တော်သိပါတယ်။”

“ဘာလို့လဲဆိုတော့ အနာဂတ်မှာ သူတို့အလုပ် မရနိုင်မှာ စိုးရိမ်လို့ပါ။ ကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး။ ကျွန်တော် ယူနိုက်တက်ကို လိုအပ်နေတာမျိုးမဟုတ်ဖူး။ ကျွန်တော်က ယူနိုက်တက်ကို ချစ်တာတစ်ခုတည်းပါ။ ” လို့ ဝမ်းနည်းစွာနဲ့ သူ့ရဲ့ခံစားချက်တွေ ဖွင့်လှစ်ပြခဲ့ပါတယ်။