ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမယ့် ဘေး၊ကိန်း၊ဆွန် တိုက်စစ်

ဝေးလ်လက်ရွေးစင်အသင်းနည်းပြရိုင်ယန်ဂစ်က ပရီးမီးယားလိဂ်မှာ ဂါရတ်ဘေးလ်ကို ပြန်မြင်ရတဲ့အတွက် ဝမ်းသာအားရဖြစ်နေပြီး၊ ဘေးလ်၊ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်တို့ရဲ့စောင့်ကြည့်ချင်စရာကောင်းတဲ့ တိုက်စစ်အစုအဖွဲ့တခုကို ဖန်တီးနိုင်ဖို့မျှော်လင့်ကြောင်း ရိုင်ယန်ဂစ်ကပြောခဲ့ပါတယ်။

စပါးအသင်းဟာ သူတို့ရဲ့ကစားသမားဟောင်းကို ရီးရဲလ်မက်ဒရစ်အသင်းထံမှ အငှါးစာချုပ်နဲ့ပြန်လည်ခေါ်ယူနိုင်ခဲ့တာကြောင့် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့သဘောတူညီမှုတခု ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဘေးလ်ဟာ စပိန်မှာရုန်းကန်ခဲ့ရပြီးနောက်ပိုင်း သူ့ရဲ့ကစားသမားဘဝကို အကောင်းဆုံးပြန်လည်တည်ဆောက်ဖို့အတွက် အသင်းဟောင်းထံ တရာသီအငှါးစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဆိုပါ ၃၁နှစ်သားဟာ လက်ရှိမှာ ဒဏ်ရာကြောင့်ကစားနိုင်ခြင်းမရှိသေးပဲ အောက်တိုဘာလကုန်အထိ အနားယူရဖွယ်ရှိနေပေမယ့်၊ စိတ်ရှည်ရှည်နဲ့အချိန်ပေးမယ်ဆိုရင် ဘေးလ်ဟာ အင်္ဂလန်မှာ နောက်ထပ်တကြိမ် အမြင့်ဆုံးခြေစွမ်းတွေကို ပြန်လည်ပြသနိုင်လိမ့်မယ်လို့ ဂစ်ကယုံကြည်နေပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ရဲ့ခြေစွမ်းပြမှုနဲ့အတူ ဆောက်သမ်တန်အသင်းကို ၅-၂ဂိုးနဲ့ အနိုင်ရရှိခဲ့သလို၊ ဘေးလ်ရောက်ရှိလာခြင်းဟာ မော်ရင်ဟိုအတွက် နည်းစနစ်ပိုင်းဆိုင်ရာ ရွေးချယ်ခွင့်ပိုမိုရရှိလာနိုင်ကြောင်း ရိုင်ယန်ဂစ်ကအခုလိုပြောခဲ့ပါတယ်။

“ကိန်း၊ ဆွန်နဲ့ ဘေးလ်တို့ပါဝင်ကစားတဲ့ တိုက်စစ်အတွဲကိုကြည့်ခွင့်ရမယ်ဆိုတာနဲ့တင် အရမ်းကိုပျော်ရွှင်ကျေနပ်စရာကောင်းနေပါပြီ။ စပါးအသင်းဟာ ကစားသမားကောင်းတွေပိုင်ဆိုင်ထားတဲ့ အသင်းတသင်းပါ။”

“သူ့(ဘေးလ်)အနေနဲ့ စပါးမှာ ဘာတွေ၊ဘယ်လိုလုပ်ပြနိုင်မလဲဆိုတာကိုမြင်ရဖို့ ကျွန်တော်အရမ်းကိုကြည့်ချင်နေပါပြီ။သူ,ပရီးမီးယားလိဂ်ကိုပြန်ရောက်လာတာ သိပ်ကောင်းတဲ့အရာတခုပါ။”

“ဘာလို့လဲဆိုတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေ ပရီးမီးယားလိဂ်မှာ လာရောက်ကစားကြတာကို ကျွန်တော်တို့အားလုံးမြင်ချင်ကြတယ်လေ။ နောက်ပြီး သူ,ဘာတွေလုပ်ပြနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါလိမ့်မယ်။”လို့ ဂစ်ကပြောခဲ့ပါတယ်။

ဘေးလ်ဟာ စပါးအသင်းကို လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်စေနိုင်သလို၊ သူ့အနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ စပါးအသင်းနဲ့အတူ ဆုဖလားတွေဆွတ်ခူးပြီး ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ဖို့မျှော်လင့်ကြောင်း ရိုင်ယန်ဂစ်ကထပ်ပြောခဲ့ပါတယ်။

သူ(ဘေးလ်)ဟာ စပါးအသင်းအကြောင်းကောင်းကောင်းသိထားတဲ့ ကစားသမားတဦးဖြစ်တာကြောင့် အသင်းကိုဦးဆောင်ပေးနိုင်လိမ့်မယ်လို့ ဂစ်ကယုံကြည်ထားသလို၊ လာမယ့် ၂၀၂၁ခုနှစ် ယူရိုပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ ပြန်လည်မြင်တွေ့နိုင်မလားဆိုတဲ့မေးခွန်းကို ဂစ်ကအခုလိုပြန်ဖြေသွားခဲ့ပါတယ်။

“သေချာတာပေါ့၊ ဒါပေမယ့် သူ,မက်ဒရစ်ကိုပြန်သွားမယ်လို့ မထင်တော့ပါဘူး။ ဒီ(စပါး)ကိုရောက်လာတာက သူ့အတွက်အရမ်းကောင်းတယ်ဗျ။ ဒီမှာ သူ့ရဲ့လက်ရွေးစင်အသင်းဖော် ဘန်ဒေးဗီးစ်လည်းရှိနေတယ်လေ။သူ့(ဘေးလ်)လိုကစားသမားတွေကိုခေါ်ယူနိုင်တဲ့ ဘယ်အသင်းအတွက်မဆို တိုးတက်မှုတွေကိုမြင်ရမှာအသေအချာပါပဲ။”

“စပါးအသင်းဟာ ပြီးခံတဲ့ဘောလုံးရာသီမှာ စိတ်ပျက်စရာကောင်းခဲ့တာမှန်ပေမယ့်၊ ဘေးလ်ကိုခေါ်ယူနိုင်ခဲ့ပြီးနောက်ပိုင်းမှာ အရင်ကထက်တိုးတက်လာနိုင်သလို၊ အသင်းကို သူ့ရဲ့သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ အကူအညီပေးနိုင်ပါလိမ့်မယ်။”

“ကျွန်တော့်လိုပဲ တော့တင်ဟမ်ပရိတ်သတ်တွေလည်း သူကစားတာကိုမြင်ရဖို့အတွက် မစောင့်နိုင်တော့ဘူးဆိုတာ အသေအချာပြောရဲပါတယ်။”လို့ ဂစ်ကထပ်ပြောခဲ့ပါတယ်။

ဂါရတ်ဘေးတယောက် ဟယ်ရီကိန်း၊ဆွန်ယောင်မင်တို့နဲ့ တွဲပြီး မော်ရင်ဟို လက်အောက်မှာ အကောင်းဆုံး တိုက်စစ်ပိုင်ဆိုင်ထားတဲ့ ပရီးမီးယားလိဂ် အသင်းတသင်းအဖြစ် ထွက်ပေါ်လာမယ်ဆိုတာ လုံးဝ သံသယ မဖြစ်မိပါဖူး။