ဝါနာကို အိတ်ကပ်ထဲထည့်ထားနိုင်ခဲ့တဲ့ ဖေဘင်ဟိုကို မလေးစားဘဲမနေနိုင်ခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးကြယ်ပွင့်နောက်ခံကစားသမား ဗန်ဒိုက်က တနင်္ဂနွေနေ့မှာ ချယ်ဆီးအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ပြီးနောက် ဖေဘင်ဟိုကို လီဗာပူးရဲ့ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားအဖြစ် ချီးကျူးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မာနေးသွင်းယူပေးခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် လက်ရှိပရီးမီးယားလိဂ်ချန်ပီယံဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ အဖိုးတန်အနိုင် ၃ မှတ်ကို ရရှိခဲ့တာဖြစ်ပြီး ဂျိုးဂိုးမက်ဇ်နဲ့ ဂျိုဝယ်မာတစ်တို့ ဒဏ်ရာရရှိနေတာကြောင့် ဖေဘင်ဟိုက ဗန်ဒိုက်နဲ့အတူ ဗဟိုခံစစ်မှာ ပွဲထွက်ကစားပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးရဲ့ကွင်းလယ်အသက်သွေးကြောအဖြစ် အဓိကအခန်းကဏ္ဍကနေ ကစားခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟာ ဗဟိုခံစစ်နေရာမှာလည်း အထင်ကြီးဖွယ်ခြေစွမ်းပြသပြီး တီမိုဝါနာ ဘာမှလုပ်လို့မရအောင် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ပြသခဲ့တဲ့ ဖေဘင်ဟိုရဲ့ ခြေစွမ်းအတွက် အပြည့်အဝ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ပွဲအပြီး LFC TV ကို အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ကောင်းလွန်းတယ်။ ကျွန်တော် သူ့ကို သူက ဒီနေ့ ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်ထင်တယ်လို့လည်း ပြောခဲ့ပါတယ်”


“သူ ဘယ်လောက်ကောင်းလဲဆိုတာ အားလုံးလည်း သိကြပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ အားလုံးလိုအပ်နေတဲ့ဟာဆိုတာကိုလည်း ပြသခဲ့တာပါ။ ကျွန်တော်တို့ အခု ဒဏ်ရာပြဿနာတွေနဲ့ နည်းနည်းကံဆိုးနေခဲ့ပေမယ့် အားလုံးပြန်လာနိုင်ဖို့ မျှော်လင့်မိပါတယ်။ တော်တော်လေးရှည်လျားတဲ့ ရာသီဖြစ်လာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။