ခံစစ်ပိုင်း အားနည်းချက်တွေ ရှိခဲ့ပေမဲ့ ဆာလက်ကြောင့် အသက်ရှုချောင်ခဲ့ရတဲ့ လီဗာပူးလ်

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ် (၁)မှာတော့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ တန်းတက်အသင်းတစ်သင်းဖြစ်တဲ့ လိဒ်ယူနိုက်တက် အသင်းကို အိမ်ကွင်းအန်ဖီးမှာ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲစဥ်မှာ အထူးခြေစွမ်းပြခဲ့တဲ့ ကစားသမားကတော့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှုး မိုမက်ဆာလက်ပဲ ဖြစ်ပါတယ်။ သူဟာ လီဗာပူးလ်အသင်းကို အနိုင်သုံးမှတ် ရရှိအောင် စွမ်းဆောင်ပေးခဲ့နိုင်ပြီး ဒီပွဲစဥ်မှာ အတောက်ပဆုံး ဖြစ်ခဲ့တာပါ။

နည်းပြ မာဆယ်လိုဘိုင်ရယ်ဆာရဲ့ လိဒ်ယူနိုက်တက်ဟာ နာမည်ကြီး လီဗာပူးလ်အသင်းကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး လီဗာပူးလ် အသင်းအနေနဲ့ ဖိအားများခဲ့ရကာ အနိုင်ရဖို့ အတော်ရုန်းကန် ခဲ့ရတာကို တွေ့ရပါတယ်။

တိုက်စစ်မှုး ဆာလက်ရဲ့ ဟက်ထရစ် သွင်းဂိုးအပြင် နောက်ခံလူ ဗန်ဒိုက်ကလည်း အသင်းအတွက် ဦးဆောင်ဂိုးတစ်ဂိုးကို ခေါင်းတိုက်ကာ သွင်းယူပေး နိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ ခံစစ်ပိုင်းက အမှားများခဲ့တယ်ဆိုပေမဲ့ ဂျာဂင်ကလော့ပ်ရဲ့ တိုက်စစ်မှုး ၃ ယောက် စနစ်တကျ ကောင်းကောင်းအလုပ်လုပ်နိုင် သရွေ့တော့ လီဗာပူးလ်အသင်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့ အတူတူ အမှတ်ပေးချန်ပီယံတညအတွက် ရေပန်းစားနေဦးမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီ အပြောင်းအရွေ့ စျေးကွက်မှာ အသင်းကဲ့ခံစစ်ကို လူအင်အား ဖြည့်တင်းမှုတွေ မလုပ်ခဲ့ပါဘူး။ လိဒ်ယူနိုက်တက် တို့ကတော့ လီဗာပူးလ်ရဲ့ ခံစစ်အားနည်းချက်တွေကို သေချာထောက်ပြ သွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လိဒ်ယူနိုက်တက်အသင်း တတိယချေပဂိုး သွင်းယူခဲ့အပြီး အန်ဖီးတပ်သားတို့ ဗျာများခဲ့ရပြီး ပွဲပြီးခါနီး ပင်နယ်တီရရှိခဲ့မှုကြောင့်သာ အသက်ရှုချောင်ခဲ့တာ ဖြစ်ပါတယ်။

ဆာလက်လို ကစားသမား ရှိနေခဲ့တာကလည်း လီဗာပူးလ်အသင်းကို အသာရစေခဲ့တဲ့ အချက်တစ်ချက်ပါပဲ။ သူဟာ လီဗာပူးလ်အသင်းနဲ့အတူ အမှတ်ပေးဖလား အဖွင့်ပွဲစဥ်တိုင်းမှာ လေးရာသီဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံး ပရီးမီးယားလိဂ် ရာသီ ၃ ခုမှာ ၃၃ဂိုး၊ ၂၂ဂိုးနဲ့ ၁၉ ဂိုး အသီးသီး သွင်းယူထားနိုင်ခဲ့တာပါ။ အခု ဟက်ထရစ်သွင်းဂိုး အပါအဝင် ဆာလက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံအသင်းအတွက် အမှတ်ပေးဖလား ၁၀၉ ပွဲမှာ ၇၆ ဂိုးအထိ ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

ဆာလက်ရဲ့ ပထမသွင်းဂိုးဟာ အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာအနေနဲ့ ပင်နယ်တီပြစ်ဒဏ် ခွင့်မပြုခဲ့သင့်ပါဘူး။

လိဒ်ယူနိုက်တက်ရဲ့ ရော်ဘင်ကို့ချ် လက်ထိခဲ့တယ် ဆိုပေမဲ့ ဆာလက်ရဲ့ ကန်သွင်းချက်ဟာ ကို့ချ်ရဲ့ ဒူးကို ထိမှန်ပြီးမှ လက်ကိုထိမှန် ခဲ့တာပါ။

ဒီပင်နယ်တီပြစ်ဒဏ်ကြောင့် လီဗာပူးလ်တို့ ဦးဆောင်ဂိုး ရခဲ့ပေမဲ့ ဂျက်ဟာရီဆန်က တစ်ကိုယ်တော် အစွမ်းပြကာ လီဗာပူးလ်ရဲ့ အားနိုးနဲ့ ဂိုမက်တို့ကို ဖြတ်ကျော်ပြီး လိဒ်အတွက် ချေပဂိုး ရယူပေးခဲ့ပါတယ်။

ရောဘတ်ဆန်ရဲ့ ထောင့်ကန်ဘောမှတစ်ဆင့် ဗန်ဒိုက်ကခေါင်းတိုက်ခါ ဦးဆောင်ဂိုး သွင်းယူခဲ့ပေမဲ့ ဗန်ဒိုက်ရဲ့ အမှားကနေပဲ ပက်ထရစ်ဘန်းဖို့ဒ်ရဲ့ ကြိုးစားမှုကြောင့် ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲ ဆာလက်က လီဗာပူးလ်ကို ထပ်မံဦးဆောင်စေခဲ့ပေမဲ့ လိဒ်ရဲ့ ကလစ်ချ်က ဒုတိယပိုင်း ၆၅ မိနစ်မှာ တစ်ဖက် ၃ ဂိုးစီ သရေရလဒ် ထွက်ပေါ်စေခဲ့ ပြန်တာပါ။

ပွဲပြီးခါနီး ၈၈ မိနစ်မှာတော့ လီဗာပူးလ်တို့ ကံကောင်းမှုတစ်ခု ကြုံတွေ့ခဲ့ရတယ်လို့ ဆိုရမှာပါ။ ပြိုင်ဘက်အသင်းရဲ့ ရိုဒရီဂို အနေနဲ့ ပင်နယ်တီ ဧရိယာအတွင်းမှာ မစွန့်စားသင့်တဲ့ စွန်းစားမှုမျိုးနဲ့ ကွင်းလယ်လူ ဖာဘင်ဟိုကို ပြစ်ဒက်ကျူးလွန်း မိခဲ့တာကြောင့် လီဗာပူးလ်အသင်း ဒုတိယမြောက် ပင်နယ်တီ ရရှိခဲ့ပါတယ်။

ဒီပင်နယ်တီကို ဆာလက်ကပဲ သူ့ရဲ့ဟက်ထရစ်သွင်းဂိုးအဖြစ် ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းယူခဲ့ကာ လီဗာပူးလ်အသင်းကို ပွဲဦးထွက် အနိုင် ၃ မှတ် ရရှိစေခဲ့ပါတယ်။

တကယ်တော့ ခံစစ်ပိုင်း ပြဿာနာတွေ ကြုံတွေ့ခဲ့ကပေမဲ့ လီဗာပူးလ်နဲ့ ဆာလက်တို့ကတော့ ပုံမှန်အတိုင်းပဲ အနိုင်ရလဒ်ကိုတော့ ရှာတွေ့နိုင်ခဲ့တယ်လို့ပဲ ဆိုရပါလိမ့်မယ်။