အမြှောက်သံ ၃ ချက်နဲ့ ပရီးမီးယားလိဂ်ကို တပ်လှန့်လိုက်တဲ့ အာဆင်နယ်

ဖူဟမ် အာဆင်နယ် ပွဲစဉ်ကတော့ အမြှောက်သံတွေနဲ့ အတူ အာဆင်နယ် ပရိတ်သတ်တွေကို ပျော်ရွှင်မှု အပြည့်ပေးနိုင်ခဲ့ပါပြီ။အခုဖော်ပြပေးမှာကတော့ ဖူဟမ် အာဆင်နယ် ပွဲက စိတ်ဝင်စားစရာ အချက် ၅ ချက်ဖြစ်ပါတယ်။

၁။ အိပ်မက်ဆန်တာထက် ပိုတဲ့ ဝီလီယံရဲ့ ပွဲဦးထွက်

အပြာရောင် အသင်းသား အဖြစ်ကနေ အမြှောက်တပ်သား ဖြစ်လာခဲ့သူ ဝီလီယံရဲ့ ခြေစွမ်းက ချဲဆီး ပရိတ်သတ်တွေရဲ့ ရင်ကို မချိတင်ကဲ ဖြစ်စေမှာပါ။ဂါဘရီရယ်နဲ့ အူဘာမီယန်းတို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဝီလီယံရဲ့ ခြေစွမ်းကတော့ ဒီကနေ့ပွဲမှာ ပြောစရာ ဖြစ်ခဲ့ပြီး အကောင်းဆုံးကစားသမားဟာ ဒီဘရာဇီးသားပါဆိုရင် ငြင်းမယ့်သူ ရှိမယ် မထင်ပါဖူး။

၂။ဂါဘရီရယ်ရဲ့ နယ်မြေသစ် စတင်ခြင်း

ဒေးဗစ်လူးဝစ်တယောက်ပါဝင်နိုင်ခြင်း မရှိမှုနဲ့ အတူ လိုင်လီအသင်းကနေ ပူပူနွေးနွေး ခေါ်ယူထားတဲ့ ဂါဘရီရယ်ကတော့ နည်းပြ အာတီတာအတွက် မှန်ကန်တဲ့ ခေါ်ယူမှုဆိုတာ သေချာစေခဲ့ပါတယ်။ ကိုယ်ခန္ဒာ ကြံ့ခိုင်မှု ကောင်းကောင်းနဲ့ နောက်တန်းကို အမှားယွင်းမရှိ ထိန်းကြောင်းသွားနိုင်တဲ့ အပြင် ဒုတိယဂိုးပါ သွင်းယူပေးခဲ့တာကြောင့် ဂါဘရီရယ်ရဲ့ အင်္ဂလန် မြေခရီးစဉ်က ချော့မွေ့တဲ့ နယ်မြေသစ် စတင်ခြင်း ဖြစ်လာခဲ့ပါပြီ။

၃။ လာကာဇက်ကို မမေ့ပါနဲ့

ပြီးခဲ့တဲ့ ရာသီကုန်ခါနီး ဂိုးပေါက်ပျောက်မှုနဲ့ အတူ ပွဲထွက်ခွင့်ပါ ထိခိုက်လာခဲ့တဲ့ လာကာဇက်တီ တယောက် ရာသီသစ်ကို စိတ်သစ် လူသစ်နဲ့ ပွဲထွက်လာခဲ့ပြီး ပွဲအစ သိပ်မကြာခင်မှာပဲ အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပုံစံတိုင်းဆိုရင်တော့ အူဘာမီယန်း၊လာကာဇက်၊ပီပီတို့နဲ့ အာဆင်နယ်ဆိုက်စစ်ကို ဝီလီယံရဲ့ ပေါင်းစပ်မှုဟာ ပြိုင်ဖက်တွေ အတွက်တော့ အိပ်မက်ဆိုး ဖြစ်လာစေမှာပါ။

၄။ အာတီတာကို အထင်သေးရင် မှားမယ်။

လီပါပူးကို အနိုင်ယူပြီး ကွန်မြူနီတီဒိုင်း အရယူနိုင်ခဲ့စဉ်က သံသယတွေနဲ့ စောင့်ကြည့်နေခဲ့ကြပေမယ့် ဒီနေ့ပွဲမှာ နည်းပြ အာတီတာ တည်ဆောက်နေတဲ့ အာဆင်နယ် အသင်းကို ပရိတ်သတ်တွေ မြင်တွေ့ခွင့် ရခဲ့တယ်လို့ ဆိုရပါမယ်။တိုက်စစ်၊ခံစစ်မှာသာမက ကွင်းလယ် စုဖွဲ့မှုမှာပါ အားကောင်းလာတာ သိသာထင်ရှားပြီး စုဖွဲ့မှု အားကောင်းတဲ့ အာဆင်နယ်အသင်းရဲ့ လက်ရှိခြေစွမ်းဟာ နည်းပြအာတီတာရဲ့ ပုံသွင်းမှုအောက်မှာ အရောင်တွေ တောက်လာခဲ့တာ အမှန်ပါပဲ။

၅။ဖူဟမ်နဲ့ ပရီးမီးယားလိဂ် ခရီးကြမ်း

တန်းတက် ဖူဟမ်တို့ အနေနဲ့တော့ ပရီးမီးယားလိဂ် ခရီးကြမ်းအစမှာ စိန်ခေါ်မှုတွေကို စတင် ရင်ဆိုင်ခဲ့ရပြီး အရင်ကလို ပရီးမီးယားလိဂ်မှာ နေရာ တနေရာရဖို့ စကော့ပါကားနဲ့ ဖူဟမ်အသင်းအတွက်တော့ ကြိုးပမ်းမှုတွေ ပြင်ဆင်ဖို့ ဟာကွက်တွေ အများကြီး မြင်တွေ့ခဲ့ရမှာ သေချာပါတယ်။

ဒါကတော့ ဖူဟမ် အာဆင်နယ် ပွဲစဉ်ရဲ့ သတိထားစရာ အချက်ငါးချက် ဖြစ်ပြီး အာဆင်နယ် အသင်းကတော့ ပရီးမီးယားလိဂ် ရာသီသစ်
ကို အမြှောက်သံ သုံးချက်နဲ့ ဖွင့်သွားခဲ့ပါပြီ။ အားရကျေနပ်ကြပါသလားဗျို့။