ရော်နယ်ဒို မပါရင် ပေါ်တူဂီက ပိုကောင်းတယ်ဆိုတဲ့ပြောဆိုမှုတွေကို တုံ့ပြန်လိုက်တဲ့ ဆန်းတို့စ်

ပေါ်တူဂီလက်ရွေးစင်နည်းပြ ဖာနန်ဒိုဆန်းတို့စ်က ၎င်းရဲ့အသင်းဟာ ခရစ်စတီယာနိုရော်နယ်ဒိုမပါဝင်ဘဲ ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသနိုင်တယ်ဆိုတဲ့ အတွေးတွေအပေါ် တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းအတွက် ဂိုးပေါင်း ၁၀၀ ကျော်လွန်အောင် သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ဆွီဒင်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်နိုင်ပွဲမှာ ၂ ဂိုးစလုံးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ခရိုအေးရှားအသင်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပွဲကြည့်ပရိသတ်အဖြစ် ရှိနေခဲ့ပြီးနောက် လက်ရှိနေးရှင်းလိဂ်ချန်ပီယံ ပေါ်တူဂီအသင်းမှာ ရော်နယ်ဒိုရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်ဒိုက ပွဲအပြီးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ စကားတွေကို စိတ်ဝင်စားမှုအနည်းငယ်သာ ပြသခဲ့ပြီး ၎င်းအနေနဲ့ ဒီထက်ပိုပြီး သက်သေပြသစရာမလိုတော့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ နည်းပြဆန်းတို့စ်ကလည်း ရော်နယ်ဒိုနဲ့ပတ်သက်ပြီး ပြောဆိုနေတဲ့စကားတွေအားလုံးကို သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုသွားခဲ့ပါတယ်။

ကျွန်တော် ဒီထက်ပိုပြီး ဘာတွေများပြောရဦးမှာလဲ။ ကမ္ဘာပေါ်ကအကောင်းဆုံးရှိနေတဲ့အသင်းက ကမ္ဘာပေါ်က အကောင်းဆုံးမရှိတဲ့အသင်းထက် ပိုကောင်းမွန်ပါတယ်”

“ရော်နယ်ဒိုက စံချိန်တွေ ချိုးဖျက်ပြီးရင်း ချိုးဖျက်နေတယ်။ အားလုံးက သူ ပြီးသွားပြီလို့ တွေးနေကြတဲ့အချိန်မှာ ချိုးဖျက်ရမယ့်စံချိန်တွေက ပိုလို့တောင်များလာတယ်။ သူက အဲဒီစံချိန်တွေကြောင့်ပဲ ပိုပြီး ကြံ့ခိုင်နေတာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။