အဘက်ဘက်ကချို့ယွင်းအားနည်းတဲ့ တောင်တန်းဒေသမှာ သာသနာပြုနေကြတဲ့ သာသနာ့အာဇာနည်များ

မိမိတောင်တန်းသာသနာ ပြုသွားရမည်ဆိုကတည်းက ခေါင်းထဲမှာ အတွေးပေါင်းစုံက မဖိတ်ခေါ်ဘဲ ဝင်ရောက်လာခဲ့သည်။မိမိတာဝန်ကျတဲ့ ရွာလေးမှာ ဝေးလံခေါင်းပါးသလို ဖုန်းလိုင်းကမမိ လမ်းပမ်းဆက်သွယ်ရေးက ခက်ခဲပြီးကျန်းမာရေးအတွက်ဆိုရင် ကိုယ်ဆောင် ထားတဲ့ ဆေးမြီးတိုကိုသာ အားကိုးရတဲ့ အခြေနေမျိုးဆိုတာ စုံစမ်းသိလိုက်ရတော့

ဪ ငါတစ်ယောက်ထဲ တောင်တန်းကြွရတာ မဟုတ်သလို ငါတာဝန်ကျတဲ့ ရွာလေးပဲ အစစအရာရာ ခက်ခဲတာ မဟုတ်ဘူးတောင်တန်းသာသနာပြုတိုင်း ကိုယ်စီကိုယ်စီ အခက်အခဲတွေ အဆင်မပြေတာတွေ ရှိကြတာပဲလေ” လို့ တွေးရင်း ကိုယ့်ကိုယ်ကိုပဲ ပြန်အားပေး နေရသည်။

တောင်တန်းသာသပြုကြွရမည့် သံဃာတော်တို့အား နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှဆရာသမားများနှင့် ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမတို့မှ ဝိုင်းဝန်းပြီး လှူဒါန်းထောက်ပံပေးကြသဖြင့် သာသနာပြုကြွမည့် သံဃာတော်လေးများအတွက် ခွန်အားတစ်ရပ် ဖြစ်ခဲ့ရပါသည်။ထို့ပြင် မိမိ၏ မိဘဆရာသမားများ ဆွေမျိုးသားချင်း မိတ်ဆွေသူငယ်ချင်းများနှင့်ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများတို့မှလည်း သာသနာပြုကြွရောက်မည့် မိမိအတွက် တတ်စွမ်းသ၍ လှူဒါန်းထောက်ပံ့ပေးကြပြန်ပါသေးသည်။ဤသည်မှာလည်း မိမိအတွက် ခွန်အားတစ်ရပ် ဖြစ်ခဲ့ရပြန်ပါသည်။

မိမိတာဝန်ကျသည့်ရွာလေးသည်ကားချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အဆုံး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အစပ်က အစွန်ဆုံးရွာလေးဖြစ်သည်။ကန်ပက်လက်ကနေ ရှင်စောရွာလေးအထိ ဆိုင်ကယ်ခရီးဖြင့် ၆နာရီ ရနာရီခန့် ခရီးဆက်ရသည်ဟု ကြားသိထားရလေတော့သားသမီးတွေအတွက်ဆို လွန်လွန်ကဲကဲ စိတ်ပူတတ်တဲ့ အဖေနဲ့ အမေ့ကိုတော့ ဒီအကြောင်းတွေ ပြောမပြခဲ့ပေ။အစစအရာရာ အဆင်ပြေပါတယ်လို့သာ မိဘစိတ်ချမ်းသာအောင် ညာပြောခဲ့ရသည်။

ဒီလိုနဲ့ တောင်တန်းသွားရမည့်ရက် ရောက်လာတော့မန္တလေး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကနေ ချင်းပြည်နယ်ကို တာဝန်ကိုယ်စီကျတဲ့ သူငယ်ချင်းများနှင့်အတူ ချင်းတောင်တန်း ကန်ပက်လက်မြို့လေး ဆီသို့ ခရီးနှင်လာခဲ့ကြသည်။

ချင်းတောင်တန်းကို ရောက်တယ်ဆိုရင်ပဲရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို သူငယ်ချင်းဆိုင်ကယ်နောက် လိုက်စီးရင်း ဆိုင်ကယ်မှောက်ကာ နှစ်ယောက်သား မြေပြင်ပေါ်၌ လွင့်စင်သွား လေသည်။ကံကောင်း ထောက်မလို့သာ ဆိုင်ကယ်မောင်းသူ သူငယ်ချင်းမှာ ဒဏ်ရာကြီးကြီးမားမား မရခဲ့သလိုဆိုင်ကယ်ဦးထုပ်မပါသည့်ကိုယ့်မှာလည်း ခေါင်းမကွဲခဲ့ရလေသည်။ထို့ပြင် မြေပြန့်ဒေသနှင့် အလွန်ကွာခြားလှသည့် တောင်ပေါ်ရာသီဥတုရဲ့ အအေးဒဏ်က အနွေးထည်ပါးပါးလေးနှင့် ခြုံထည်ပါးပါးလေးသာပါလာသည့် မိမိကို ကျီစယ်လေတော့သည။ချမ်းအေးလွန်းပြီး မြူနှင်းမြူခိုးများဖြင့် အဆက်မပြတ် မှိုင်းတိုက်နေသည့် ရာသီဥတုရဲ့ ကျီစယ်မှုကြောင့် နေမကောင်းဖြစ်ပြီး ဆေးတောင်ထိုးလိုက်ရသည်။

နောက်တစ်နေ့တွင် ကန်ပက်လက်မြို့လေးကို ရောက်သည်နှင့် ခေါ်နူးစုမ်ဝိတိုရိယတော်ပေါ်သို့တက်ရောက်ကာ စိမ်းလန်းစိုပြေသည့် သဘာဝအလှရှုခင်းများ၊ တိမ်ပင်လယ်တွေနှင့် ပန်ချီးကားသဖွယ် ကဗျာဆန်နေသည့် တောင်တန်းစိမ်းစိမ်းကြီးတွေရဲ့အလှတရားကို တဝကြီး ရှုမျှော် ခံစားရလေသည်။

ထို့နောက် ကန်ပက်လက်မြို့ဗဟိုဆရာတော်ထံနှင့် သာသနာရေးရုံးသို့ Duty Report တင်ပြီး တာဝန်ကျရာ ရှင်စောရွာလေးဆီကို ဆက်၍ခရီးနှင်ရပြန်သည်။လမ်းခရီးကကြမ်းတော့ ကျင်ဒွေးဘက်ကို လိုင်းကားများလည်း မပြေးဆွဲသေးသလို ကိုယ်ကိုယ်တိုင်လည်းဆိုင်ကယ်ကမစီးတတ်သေးသဖြင့် ကုန်ပစ္စည်းတင်သည့် ford ကားနဲ့ ကျင်ဒွေးအထိ လမ်းကြုံ လိုက်သွားရသည်။လမ်းအခြေနေက အစာကြေရင်ချောင်ပြီး ford ကားစီးရတာတောင် မြင်းစီးနေရသည့်နှယ် ခုန်ဆွခုန်ဆွဖြစ်နေသည်။ကားဆရာကိုဘယ်လောက်ဝေးလဲမေးကြည့်တော့ “ကျင်ဒွေးကို ညနေမှ ရောက်မယ် ဦးဇင်းရေ” တဲ့။

သူ့စကားကြားလိုက်ရတာ ကိုယ်အတော် အားရှိသွားသည်။ သူပြောတာမှန်ပါသည် ကန်ပက်လက်ကနေ မနက် ၈ နာရီလောက်ကထွက်လာတာ ကုန်တင်ကုန်ချနဲ့ဆိုတော့ညနေ ၅ နာရီလောက်မှ ကျင်ဒွေးကို ရောက်သည်။ကျင်ဒွေးရောက်တော့ လူသာပြုက မိမိကိုလာတွေ့ပြီး “ဘုန်းဘုန်းရေ ရှင်စောရောက်ဖို့က နောက်ထပ် ၂ နာရီလောက်မောင်းရသေးတာမို့ ဒီနေ့တော့ သွားဖို့ အချိန်မမီတော့ဘူး မနက်ဖန်မှ ဆက်သွားရအောင်ဘုရာ့”လို့ လျှောက်လေသည်။