” မေတ္တာနဲ့သာ တုံ့ပြန်ပါ ” (ပါချူပ်ဆရာတော်ဘုရားကြီး)

မေတ္တာနဲ့သာ တုံ့ပြန်ပါ (ပါချူပ်ဆရာတော်ဘုရားကြီး)

စကားပြောတဲ့အခါမှာ
(၁) ပြောသင့်တဲ့ အချိန်မှာပြောမယ်။ မပြောသင့်တဲ့အချိန်မှာ မပြောဘူး။
(၂) မှန်တာကိုပဲပြောမယ်။ မမှန်တာကို မပြောဘူး။

(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ ယဉ်ယဉ် ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ပြောမယ်။ ရိုင်းရိုင်းစိုင်းစိုင်းမပြောဘူး။
(၄) ပြောတဲ့ အခါမှာ အကျိုးရှိတဲ့စကားကိုသာ ပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။
(၅) ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်။ ဒေါသနဲ့မပြောဘူး။

မြတ်စွာဘုရားရဲ့ အဆုံးအမကိုကြည့်ပြီး ရှေးလူကြီးတွေကပြောတယ်။ စိတ်ဆိုးနေရင် စကားမပြောနဲ့တဲ့။ ဘာဖြစ်လို့လဲဆိုတော့ စကားကောင်း မထွက် တတ်ဘူး။ မိမိကိုယ်တိုင်က စကားပြောတဲ့ စည်းကမ်းလေးတွေ ချမှတ်ထားပြီးတော့ ဒီအတိုင်းသတိထားပြီး လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင် မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ် တွေနဲ့ ပြဿနာတက်စရာအကြောင်း မရှိတော့ဘူး။

မေတ္တာနှလုံးပျက်သွားတာ ကိုယ့်ရဲ့ အပြောကြောင့်ပဲ။ မပြောသင့်တာကို ပြောမိလို့၊ ကြမ်းကြမ်းတမ်းတမ်းပြောမိလို့၊ မဟုတ်တာ သွားပြောမိရင်လည်း ပြဿနာတက်တတ်တယ်။ ဒါကြောင့်မို့လို့ အပြောအဆိုနဲ့ ပတ်သက်ပြီးတော့
ကိုယ်ကိုယ်တိုင်က စည်းကမ်းရှိဖို့ ဗုဒ္ဓမြတ်စွာက ဟောကြားပေးထားတယ်။

ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ တရားတွေက လက်တွေ့လိုက်နာ ကျင့်သုံးဖို့ ဟောထားတဲ့ တရားတွေချည်းပါပဲ။ တကယ် လိုက်နာကျင့်သုံးကြည့်လိုက်မယ် ဆိုရင်လည်း ထိရောက်တဲ့ အကျိုးတွေရပါတယ်။ ဒါ ဗုဒ္ဓရဲ့ တရားတွေပဲ။
လူလူချင်း ဆက်ဆံတဲ့အခါမှာ စကားများပြီး ရန်ဖြစ်ကြတာ များပါတယ်။ စိတ်ထဲကနေပြီး ရန်ဖြစ်ကြတာနည်းပါတယ်။
တစ်ဦးနဲ့တစ်ဦး စကားများရာက စပြီးတော့ပဲ ရန်ဖြစ်ကြတာပါပဲ။ ပြီးတော့ လောကမှာ မကျေမနပ်ဖြစ်တာတွေကလည်း စကားတွေကြောင့်ပဲ၊ ကွယ်ရာမှာ အတင်းပြောကြတာကြောင့်ပဲ၊ ငါ့ကို ဘယ်သူက ဘယ်လိုပြောလိုက်တာဆိုပြီးတော့ ပြဿနာဖြစ်တော့တာပါပဲ။

အပြောအဆိုကစပြီးတော့ ပြဿနာဖြစ်ကြတာပါ။ လူတွေဆိုတာ “လောကီ အစုတ်၊ လူတို့နှုတ်က၊ မဟုတ်လည်းပြော၊ ဟုတ်လည်းပြော” လူတွေရဲ့ ပါးစပ်က စားဖို့နဲ့ပြောဖို့ပဲ ရှိတဲ့အတွက်ကြောင့် အပြောအဆိုမှာ စည်းကမ်းမရှိ လျှောက်ပြော နေကြတာပါပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားက အပြောအဆိုနဲ့ ပတ်သက်ပြီးတော့ မူချထားတာဖြစ်တယ်။ ကိုယ်ကိုယ်တိုင် လိုက်နာပြီးတော့ စည်းကမ်းချထားမယ်ဆိုရင် ပြဿနာတက်စရာ မရှိနိုင်ပါဘူး။ ဒါပေမယ့် ကိုယ်နေနေရတဲ့ (Society) မှာက နှုတ်စည်းကမ်းရှိတဲ့သူတွေရှိသလို နှုတ်စည်းကမ်းမရှိတဲ့သူတွေလည်း ရှိနိုင်တယ်။ ပြောချင်ရာပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားတွေကို လိုက်ပြီးတော့ ပြဿနာဖြစ်နေရင် တော့ ဆုံးနိုင်မှာ မဟုတ်တော့ဘူးတဲ့။ အဲဒါကိုတော့ မြတ်စွာဘုရားက မေတ္တာနှလုံး အစဉ်သုံးတဲ့။ ဒီလိုဟောခဲ့ပါတယ်။ ဘာပဲပြောပြော မေတ္တာနဲ့သာ တုံ့ပြန်ပါတဲ့။

ပါမောက္ခချုပ်ဆရာတော်ကြီး
..crd(မူရင်းရေးသားသူ)..
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*