ဝစီဗေဒ ထိတိုင်းရှ (အကုသိုလ် ၁၀ ပါး )

ဝစီဗေဒ ထိတိုင်းရှ

ဗုဒ္ဓဘာသာတွင် အကုသိုလ် (၁၀) ပါး
ရှိလေသည်။ မည်သို့သော မကောင်းမှုဒုစရိုက်ကိုလုပ်သည်ဖြစ်စေ ဤ
အကုသိုလ် ၁၀ ပါးတွင် ပါဝင်ပြီးဖြစ်သည်။ဤထက်အလွန်မရှိချေ။

ကာယ = ကာယကံ (၃) ပါး
၀စီဒုစရိုက် = ၀စီကံ (၄) ပါး
မနောဒုစရိုက် = မနောကံ (၃) ပါး တို့
ဖြစ်ပါသည်။

ကာယ = ကာယကံ (၃) ပါး
(၁) ပါဏာတိပါတ = သူတပါးအသက်ကိုသတ်ခြင်း၊
(၂) အဒိန္နာဒါန = ပိုင်ရှင်သည် ကိုယ်နှတ်တို့ဖြင့် မပေးအပ်သောသူတပါးဥစ္စာကို ခိုးယူခြင်း၊
(၃) ကာမေသုမိစ္ဆာစာရ = သူတပါးသားမယားတို့အားမှားယွင်းစွာဖေါက်ပြန်ကျူးလွန်ခြင်း။

၀စီဒုစရိုက် = ၀စီကံ (၄) ပါး
(၁) မုသာဝါဒ = မဟုတ်မမှန်သောအရာကိုဟုတ်မှန်သည့်အနေဖြင့်လိမ်ညာပြောဆိုခြင်း၊
(၂) ပိသုဏဝါစာ = ချောပစ် ကုန်းတိုက်ခြင်း ၊ ချစ်သူနှစ်ဦး ကွဲသွားအောင်၊ သို့မဟုတ်
မိမိအား ချစ်ခင်လာအောင်ချစ်သူနှစ်ဦးကို ရန်တိုက်ပေးခြင်း၊ သင့်တင့်နေသော
မိတ်ဆွေနှစ်ဦးတို့ကို မသင့်မတင့်ဖြစ်အောင် စိတ်၀မ်းကွဲအောင် ပြောဆိုခြင်း၊
(၃) ဖရုသဝါစာ = ကြမ်းတမ်းစွာဆဲရေးတိုင်းထွာပြောဆိုခြင်း၊
(၄) သမ္ဖပလာပ = မိမိသူတပါး နှစ်ဦးသားလုံး၀အကျိုးမရှိသောစကားပြောဆိုခြင်း၊

မနောဒုစရိုက် = မနောကံ (၃) ပါး
(၁) အဘိဇ္စျာ = သူများစည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝနေသည်ကိုမြင်သောအခါ “ထိုစည်း
စိမ် ချမ်းသာများ ငါ၏ဥစ္စာဖြစ်လာပါမူ ကောင်းလေစွဟု” သူတပါး၏
စည်းစိမ်ချမ်းသာအပေါ် မကောင်းကြံစည်ခြင်း၊
(၂) ဗျာပါဒ = သူတပါးပျက်စီးစေလိုသည့်စိတ် ဖြစ်ပေါ်ခြင်း၊
(၃) မိစ္ဆာဒိဋ္ဌိ = လှူခြင်းသည် အကျိုးမရှိ ၊ မလှူခြင်းသည်အပြစ်မရှိ စသည်ဖြင့် မှားယွင်းစွာယူခြင်း၊

ထိုအကုသိုလ် ၁၀ ပါးအနက် အထူးပြော
လိုသည်မှာ နှုတ်ကြောင့်ဖြစ်သော ဝစီကံ အကုသိုလ်ကြောင့် စူးရှပြင်းထန်သောအကျိုးပေးများ ဘဝမခြား လိုက်ပါခံစားရတတ်သည်။

သေပြီးနောက်တွင်လည်း အောက်သံသရာတည်းဟူသော အပါယ်လေးပါးသို့သာ ဖရိုဖရဲကျရောက်တတ်သည်။

ထိုသို့ဖြစ်ခြင်းသည် မိမိကိုယ်တိုင်ပြုအပ်သော အကုသိုလ်ကြောင့်ဖြစ်ရာ မိဘလည်းမကယ်နိုင်၊ဆွေမျိုးသားချင်းလဲမကယ်နိုင်၊ခင်မင်ရင်းနှီးသောမိတ်ဆွေများလဲမကယ်နိုင်၊စည်းစိမ်ဥစ္စာ၊ရာထူးများလဲမကယ်နိုင်။

အချိန်မီမသိ၍ နောက်ကျမှရသော နှောင်းနောင်တကား ကြောက်မက်ဖွယ်ရာကောင်းလှသည်။

မြတ်စွာဘုရားက သားတော်ရာဟုလာအား မုသားဆိုလျှင် ရယ်စရာအနေဖြင့်ပင်
မပြောအပ်။

အဘယ်ကြောင့်ဆိုသော် လိမ်ညာ
လှည့်ဖြားပြောကြားတတ်သူအား အမှန်တရားသစ္စာသည် သူ၏ခံတွင်းတွင်
ဘယ်သောအခါမှမတည်ရကား သူမလုပ်
ရဲသော အကုသိုလ်သည်မရှိတော့ပေ။

ထို့ကြောင့် ဝစီကံကိုလွယ်လင့်တကူကျူးလွန်တတ်သူအတွက် ကျန် ကာယကံ
နှင့်မနောကံအကုသိုလ်တို့ကို မုချပင် ကျူးလွန်မည်မှာသေချာလှသည်။
တနည်းအားဖြင့် အကုသိုလ်အားလုံးအစ
မုသာဝါဒက ဟုပင်ပြောရပေမည်။

ကဿပဘုရားပရိနိဗ္ဗာန်ဝင်စံသည်ရှိသော် အနှစ်နှစ်သောင်းမျှရဟန်းတရား ကျင့်ကြံအားထုတ်သောရဟန်းသည် အာဝါသဟူသော ကျောင်းရလိုမှုကြောင့် ညီအကိုပမာချစ်ခင်ရင်းနှီးနေသော ရဟန်းနှစ်ပါးကို ချစ်ခြင်းပျက်အောင်ကြားမှ ကုန်းတိုက်စကားပြောဖူးလေသည်။

သေသောအခါတွင် အဝီစိငရဲတွင် နှစ်သောင်းပေါင်းများစွာခံစားရပြီးလျှင်ငရဲမှလွတ်သော်လည်း လူကိုယ်ဝက်ခေါင်းဖြင့်လျှာမှပိုးလောက်တဖွားဖွားကျလျက် ဆင်းရဲကြီးစွာခံစားရသောရွံရှာစက်ဆုပ်ဖွယ် ကိုယ်ခန္ဓာဖြင့် ပြိတ္တာဖြစ်သည်မှာ
ယခုတိုင်မကျွတ်သေးပေ။

ကဿပဘုရားသာသနာနောက်ဖျားတွင်ပင် အနှစ်နှစ်သောင်းမျှ ရဟန်းတရားကြိုးစားအားထုတ်ဖူးသော ရဟန်းသည် ရဟန္တာမထေရ်အား ဂုဏ်အားဖြင့်ဝန်တိုမှု ဖြစ်
သဖြင့် စွပ်စွဲဆဲရေးစကားပြောကြားဖူး
လေသည်။

ထိုအကျိုးဆက်ကြောင့် သေသောအခါ ငရဲ၌ပြင်းထန်စူးရှသောအကုသိုလ် အကျိုးဆက်များခံစားရပြီးလျှင် ငရဲမှ
လွတ်သောအခါလည်း သူရောက်လေရာရာအရပ်တွင် သူ၏အကုသိုလ်အကျိုးဆက်ကြောင့် သူကိုယ်၌သာမက မွေးသောမိဘ၊ရပ်ရွာပါနာ၍နောက်ဆုံးမိဘကပါ စွန့်ပစ် ရသည်အထိ ဘေးဆိုးကပ်ဆိုးများကိုဆိုက် ရောက်စေလေသည်။

ဖြစ်လေရာဘဝ အလွန်ယုတ်ညံ့သောအစားအစာကို တစ်ဘဝတစ်ခါသာ
ဝအောင် စားရ၍ ဆာလောင်မွတ်သိပ်လျက် သေရသည်။ နောက်ဆုံးဘဝ ရဟန္တာဖြစ်ပြီးသော်လည်း သူဆွမ်းခံကြွတိုင်း ဒကာ ဒကာမများ၏ ဆွမ်းအုပ်များအတွင်း
ဆွမ်းများအလိုလို ကွယ်ပျောက်ကုန်ခြင်း၊ သပိတ်အတွင်းဆွမ်းများ ပြည့်မောက်နေ သည်ဟု ထင်ရခြင်းတို့ကြောင့် တစ်ခါမှ ဆွမ်းကိုဝလင်အောင် ဘုဉ်းမပေးရပဲ ပရိနိဗ္ဗာန်ပြုကာနီးမှ အရှင်သာရိပုတ္တ၇ာ မထေရ်ကိုယ်တိုင် ဆွမ်းခံဝင်တော်မူပြီးဆွမ်းများမပျောက်အောင် သပိတ်ကို
လက်တော်ဖြင့် ပိုက်ကာ ဘုဉ်းပေးစေရသည်ထိ အကုသိုလ်အကျိုးပေးကားကြီးမားလှသည်။

ဆွမ်းခံကြွသောရဟန်းတပါးကို
ဆွမ်းလောင်းကြသော ခရီးသွားလင်မယားနှယောက်သည်လည်း မထေရ်မြတ်
ပြုံးရွှင်တော်မူခြင်းကို ဇာတ်သမားနှင့်နှိုင်း ၍ ပြောမိသော ဝစီကံကြောင့် ဖြစ်လေရာဘဝတွင် ဇာတ်က၍စားရသော ဇာတ်သမားအဖြစ်သို့ရောက်ကြလေသည်။
နောက်ဆုံးဘဝတွင်လည်း ဥဂ္ဂသေန
ဟူသော ဘားကျွမ်းသမားဖြစ်၍ မြတ်စွာဘုရားချေချွတ်လေသဖြင့်
ရဟန္တာဖြစ်ရသည်။

ယောက်ကျားတစ်ယောက်သည်
တရားပွဲသွားရန် တရားနာခေါ်ကြသော မိတ်ဆွေတို့အား ငါတရားနာလိုက်တော့
ငါ့လယ်တွေကို မင်းဘုရားကထွန်ပေးမှာလားဟုပြောဆိုဖူးသဖြင့် ဘုရားနှစ်ဆူကြားကာလပတ်လုံး လယ်ထွန်နေရသော လယ်သမားပြိတ္တာဖြစ်ဖူးလေသည်။

လမ်းပျောက်သောရဟန်းအား လမ်းကြောင်းမေးသည်ကို ဆဲဆိုရိုင်းပြ
ပြန်ဖြေဖူးသော နွားကျောင်းသားသည်
ထိုကံကြောင့်ဖြစ်ရာဘဝဝယ် ကျေးကျွန်ဖြစ်၍ အများအခိုင်းခံအစေခံဖြစ်ရဖူး သည်။

ရဟန္တာထေ၇ီမ စွန့်လိုက်သော တံတွေးကို ဘယ်ပြည့်တန်ဆာမစွန်ပစ်လိုက်ပါလိမ့်
ဟု စော်ကားမိသော ရဟန်းမသည် သံသရာဝယ် ပြည့်တန်ဆာအဖြစ်ဘဝများစွာ ကျင်လည်ခဲ့ရဖူးလေသည်။

သူတပါး၏မိခင်၊ညီမစသည်တို့ကို
ပေးစားကာပြောသောသူအား နောက်ဆုံးဘဝဝယ်ကျွတ်တမ်းမဝင်မီတွင် မိခင်အရင်းနှင့် ညီမအရင်းတို့အား မိမိ၏ ဇနီးမယားအဖြစ် မသိပဲ ယူခဲ့မိသည့်အဖြစ်လဲ ရှိပေသည်။

ဤသည်တို့မှာ ဥပမာအနည်းငယ်သာ
ဖြစ်ကြသည်။
ခင်ပွန်းကြီးဆယ်ပါးတို့အားပြစ်မှားပါမူ
ထိုကဲ့သို့ဆိုးရွားသော အကုသိုလ် အကျိုး ပေး များ ခံစားရတတ်သဖြင့် သတိပြု၍ ရှောင်ကြဉ်ကြရန် ဖြစ်သည်။

အခြားသူတို့အား ထိုကဲ့သို့ ပြောဆိုပါကလည်း ထိုက်သည့်အားလျော်စွာ ဝစီကံအကုသိုလ်ကို ယခုဘဝကော၊ သံသရာအဆက်ဆက်ပါ မလွတ်တမ်း ခံစားရမည်သာဖြစ်၍ သံသရာစက္ခုမြှော်ထောက်ရှုရေးအတွက် သတိပဌာန်တရား လက်ကိုင်ထား ၍ ကြိုတင်ကောင်းမှု ကြိုးစားပြုအပ်ကြ ကုန်ရာသည်။

..crd..
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*