ကရုဏာ ဘာဝနာ (တရား)

ကရုဏာဘာဝနာ

ကရုဏာဆိုတာ ဒုက္ခိတသတ္တဝါတို့ကို မြင်ရကြားရ သောအခါ ဒုက္ခမှ လွတ်စေလိုခြင်း၊ တတ်နိုင်သမျှ ကယ်တင်လိုခြင်း သဘောပဲ ဖြစ်ပါတယ်။ သနားတဲ့စိတ်, ညှာတာတဲ့ စိတ်ပါပဲ။

ယင်းကရုဏာတရားကို ကိုယ့်သန္တာန် ဖြစ်စေဖို့အတွက် ပွားများရတဲ့ ဘာဝနာကို ” ကရုဏာ ဘာဝနာ” လို့ ခေါ်ပါတယ်။

ကရုဏာဘာဝနာ ပွားများတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခိတသတ္တဝါများကို အာရုံပြုပြီး ” ဒုက္ခာ မုစ္စန္တု- ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြပါစေ” ဟု အဖန်တလဲလဲ ပွားများရတယ်။

ကရုဏာ ၃- မျိုး

သူတော်စင်ပုဂ္ဂိုလ်များဟာ ဒုက္ခိတသတ္တဝါတွေကို တွေ့ရင် သနားကြတယ်။ ” အော် ဖြစ်မှ ဖြစ်ရလေခြင်း” ဆိုပြီး စိတ်နှလုံး တုန်လှုပ်သွားတယ်။ ဒါ မနောကံ ကရုဏာပဲ။

စိတ်ကနေ သနားရုံသက်သက် မဟုတ်ဘူး။ ကိုယ်ထိလက်ရောက်လည်း ကူညီစောင့်ရှောက်တယ်တဲ့။ ဒါဆိုရင် “ကာယကံ ကရုဏာ” ဖြစ်သွားတယ်။

ပြီးတော့ နှုတ်နှင့်လည်း ကူညီစောင့်ရှောက်တယ်တဲ့၊ ဒါဆိုရင် ” ဝစီကံ ကရုဏာ” ဖြစ်သွားတယ်။

ဘုရားလက်ထက်က ထူးချွန်တဲ့ ကိုရင်တစ်ပါး ရှိခဲ့ဖူးတယ်။ ကိုရင် သောပါကလို့ ခေါ်တယ်။ ကိုရင်သောပါကရဲ့ ဇာတိမြို့က ရာဇဂြိုဟ်၊ မိဘတွေက ဆင်းရဲတော့ သင်္ချိုင်းကုန်းနား နေရတယ်။

သူဟာ ကံမကောင်းရှာဘူး။ လေးလအရွယ်မှာပဲ သူ့ဖခင် ဆုံးသွားတယ်။ နေရတာက ဆင်းဆင်းရဲရဲ၊ ဒီကြားထဲ ဖခင်က ဆုံးသွားတော့ ပိုဆိုးသွားတယ်။

“တစ်ပင်လဲမူ တစ်ပင်ထူ” ဆိုတဲ့အတိုင်း သူ့မိခင်က နောက် အိမ်ထောင်ပြုတယ်။ နောက်ယောက်ျားနဲ့ သားလေးတစ်ယောက် ထပ်ရတယ်။ သောပါကဟာ အဲဒီညီဖြစ်သူနဲ့ ရန်ဖြစ်တယ်။ ညီက အမေတူ အဖေကွဲ။

ဖခင်က သိတဲ့အခါ ဒေါသဖြစ်ပြီးတော့ သူ့ကို ရိုက်တယ်။ ရိုက်ပြီးတဲ့အခါ ကြိုးနဲ့ချည်ပြီး သုသာန်ထဲ သွားပို့လိုက်တယ်။ အဲဒီလိုကို နှိပ်စက်ခံရတာ။

အဲဒီအချိန်မှာ မြတ်စွာဘုရားက လောကကြီးကို ကြည့်လိုက်တော့ သောပါကကို မြင်တော်မူသွားတယ်။ ဒီတော့ မြတ်စွာဘုရား မနေသာတော့ဘူး။ အဲဒါ ကရုဏာပါပဲ။

မြတ်စွာဘုရားက ” သောပါကရေ ဘာမှ မကြောက်နဲ့” ဆိုတော့ သောပါကဟာ အားတက်သွားတယ်။ အဲဒီနောက် တရားဟောပြီး ဝေဠုဝန်ကျောင်းမှာပဲ ခေါ်သွားတယ်။ ကျောင်းရောက်တော့ ရဟန္တာ ဖြစ်သွားတယ်။

မြတ်စွာဘုရား ကယ်တင်လိုက်သည့်အတွက် ကိုရင် သောပါကဟာ ရဟန္တာ ဖြစ်သွားတာ။ အဲဒီကယ်တင်ခြင်းကိုပဲ ကရုဏာလို့ ဆိုပါတယ်။ မနောကံ ကရုဏာကို ပွားများပြီး ကာယကံကရုဏာ, ဝစီကံ ကရုဏာတို့ဖြင့် ကယ်တင်ခဲ့ခြင်း ဖြစ်ပါတယ်။

ကရုဏာနှင့် ရန်လိုစိတ်

လူစိတ်ဆိုတာ ကိုယ့်ကို ဒုက္ခပေးတဲ့သူဆိုရင် တော်တော်နဲ့ မေ့လို့ မရဘူး၊ ဒီတော့ ပြန်ပြီး တုန့်ပြန် ချင်တယ်၊ ရန်လိုစိတ်ပေါ့။

ရန်လိုစိတ်ဆိုတာ သူဆိုးရင် ကိုယ်ဆိုးမယ်၊ သူကြမ်းရင် ကိုယ်ကြမ်းမယ်ဆိုတဲ့စိတ်။ ရန်လိုစိတ်ဆိုတာ ကရုဏာရဲ့ ဆန့်ကျင်ဘက်ပဲ။ ရန်လိုစိတ်ဖြစ်လာရင် စိတ်ဟာ မချမ်းမြေ့တော့ဘူး။

ဒီတော့ ရန်လိုစိတ်ကို ဖယ်ရှားနိုင်ဖို့အတွက် ကရုဏာ ပွားများရမယ်။ ” သူဟာ ဘာမှ မသိရှာပါလား၊ သနားစရာလေးပဲ” လို့ နှလုံးသွင်းလိုက်ပါ။ လွယ်တော့ မလွယ်ဘူးပေါ့။ သို့သော် ကြိုးစားရင်တော့ ရပါတယ်။

အစားဆင်းရဲ အနေဆင်းရဲမှ ဒုက္ခိတ မဟုတ်ဘူး၊ အကုသိုလ်ဒုစရိုက် လုပ်နေရင်လည်း ဒုက္ခိတပဲ။

မြတ်စွာဘုရားဟာ အရှင်ဒေဝဒတ် ဘယ်လောက်ဆိုးဆိုး အပြစ် မမြင်ဘူး။ ဘာကြောင့်လဲ၊ ကရုဏာမျက်လုံးနဲ့ ကြည့်လို့။ ကရုဏာမျက်လုံးနှင့် ကြည့်လိုက်တော့ အရှင်ဒေဝဒတ်ဟာ သနားစရာလေး ဖြစ်သွားတယ်။

ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကို ဒုက္ခပေးရင် ” သနားစရာလေးပဲ” လို့ နှလုံးသွင်းလိုက်ပါ။ ဒါဆိုရင် ကရုဏာ ဖြစ်သွားတယ်။

ကရုဏာဆိုတာ အထက်တန်းစားစိတ်၊ အထက်တန်းစားစိတ် ဖြစ်သည့်အတွက် အထက်ကနေ ကြည့်ရတယ်။

ဆရာက တပည့်ကို ကြည့်သလို မိဘက သားသမီးကို ကြည့်သလို လူကြီးက လူငယ်ကို ကြည့်သလို အထက်ကနေ ကြည့်လိုက်ပါ။ အထက်ကနေ ကြည့်လိုက်သည့်အခါ ကိုယ့်အပေါ် မကောင်းတဲ့သူကိုလည်း ” သနားစရာလေး” လို့ မြင်သွားတယ်။ ဒီတော့ သူ့မှာ အပြစ် ရှိလည်း ခွင့်လွှတ်နိုင်သွားတယ်။

ဒီဃာဝုမင်းသား

ရှေးတုန်းက ဘုရင်ကြီးတစ်ပါး ရှိခဲ့ဖူးတယ်။ ဒီဃီတိဘုရင် လို့ ခေါ်တယ်။ ဘုရင်ကြီးရဲ့ သားက ဒီဃာဝုတဲ့။

တနေ့မှာ ဗြဟ္မဒတ်မင်းက ဒီဃီတိဘုရင်ရဲ့ နိုင်ငံကို သိမ်းပိုက်ချင်တဲ့အတွက် ဒီဃီတိကို သတ်ပစ်လိုက်တယ်။ ဒီတော့ သားဖြစ်သူ ဒီဃာဝုရဲ့ စိတ်ထဲမှာ နာကြည်းသွားတယ်။

သူ့ဖခင်ကတော့ဘမသေခင်မှာ သားဖြစ်တဲ့ ဒီဃာဝုကို မှာခဲ့တယ်။ ” သားရေ … ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ၊ ရန်ကို ရန်နှင့် မတုန့်ပြန်နဲ့” တဲ့။ အလွန်လေးစားစရာ ကောင်းတဲ့ ဘုရင်ကြီးပဲ။

သားဖြစ်တဲ့ ဒီဃာဝုမင်းသားလေးဟာ ဇာတ်မြှုပ်ပြီးတော့ နေရတယ်။ ဒီဃီတိဘုရင်ရဲ့သားလို့ သိရင် အသတ်ခံရမှာကိုး။ သူ့စိတ်ထဲမှာ ဖခင်သတ်တဲ့ ဗြဟ္မဒတ်မင်းကို ဘယ်လိုမှ အခဲမကျေဘူး။ “အာဃာတ” ပါပဲ။

သူဟာ အနုပညာဗီဇလေးက ရှိနေတော့ စောင်းတီးသင်တယ်။ ကျွမ်းကျင်ပြီဆိုတော့ ရွှေနန်းတော်နားမှာ စောင်းတီးပြီး သီချင်းဆိုတယ်။

ဗြဟ္မဒတ်မင်းက ကြားရတော့ “အသံ တယ်ကောင်းပဲ” ဆိုပြီး ခေါ်ခိုင်းလိုက်တယ်။ ဒီတော့ မင်းကြီးကို ခစားလိုက်တဲ့အခါ သူ့ကို သဘောကျပြီး အတွင်းလူအဖြစ် နေရာပေးလိုက်တယ်။ ရန်သူရဲ့သားဆိုတာကို မင်းကြီးက မသိရှာဘူး။

မင်းသားလေးက အလုပ်ကြိုးစားတော့ မင်းကြီးက သဘောကျပြီး ဘယ်သွားသွား ခေါ်သွားတယ်။

တနေ့မှာ ၂- ယောက်ထဲ တောလည် သွားကြတယ်။ သစ်ပင်အောက်မှာ နားကြတယ်။ မင်းကြီးဟာ ပင်ပန်းပြီး အိပ်ပျော်သွားတယ်။

အဲဒီအချိန်မှာပဲ ဒီဃာဝုရဲ့ စိတ်ထဲမှာ ရန်လိုစိတ် ဖြစ်လာပြီး ” ငါ သတ်မယ်” ဆိုပြီး သန်လျက်နဲ့ ရွယ်လိုက်တယ်။ အဲဒီအချိန်မှာ ” မင်းကြီးဟာ အိပ်ပျော်နေပြီ၊ ငါ သတ်ရင်လည်း ခံရမှာပဲ” လို့ တွေးလိုက်တော့ သနားသွားတယ်။ အဲဒါ ကရုဏာပဲ။

“ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင် မဝင်နိုင်က နိုင်တတ်တယ်”။

“နိုင်မည့်အစား ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်”။

အပြန်အလှန် တောင်းပန်ကြ

ဒီဃာဝုမင်းသားလေး သန်လျက်ဓား ကိုင်ပြီး စဉ်းစားနေတဲ့အချိန်မှာ ဗြဟ္မဒတ်မင်း နိုးလာပြီး ” ဒီဃာဝုရေ ဒီဃီတိမင်းရဲ့ သားက ငါ့ကို သတ်တယ်လို့ အိပ်မက် မက်တယ်ကွ” ဆိုတော့ ” မင်းကြီး ဒီဃီတိရဲ့ သားဆိုတာ တခြား မဟုတ်ဘူး၊ ကျွန်တော်ပဲ” လို့ ပြောလိုက်တယ်။

ဒီတော့ မင်းကြီးဟာ တုန်လှုပ်ချောက်ခြားပြီး ” အသက်ချမ်းသာခွင့် ပေးပါ” ဆိုပြီး တောင်းပန်ရှာတယ်။ မင်းသားကလည်း ” အသက် ချမ်းသာခွင့် ပေးပါ” လို့ ပြန်တောင်းပန်တယ်။

မင်းသားက ဘာကြောင့် ပြန်တောင်းပန်ရသလဲဆိုတော့ ရန်သူဆိုတာ ကိုယ် သတ်ချင်သတ်၊ ကိုယ်မသတ်ရင် ကိုယ့် ပြန်သတ်မှာကိုး။ ဒါကြောင့် တောင်းပန်ရတာ။

အဲဒီနောက် မင်းကြီးဟာ ရွှေနန်းတော် ရောက်တော့ ဒီဃာဝုကို သမီးဖြစ်သူနဲ့ ပေးစားလိုက်တယ်။ ရန်သူကနေ ဆွေမျိုး ဖြစ်သွားကြတယ်။ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းသွားကြတယ်။ အဲဒါ ဘာကြောင့်လဲ၊ ကရုဏာကြောင့်ပါပဲ။

ဒါကြောင့် ပြောကြတယ်လေ။ “ခွင့်လွှတ်ခြင်းသည် အကောင်းဆုံး ဂလဲ့စားချေခြင်းပါပဲ” တဲ့။ အလွန်မှန်တဲ့ စကားပါပဲ။

ဒါကြောင့် ကရုဏာကို မကြာမကြာ ပွားများရမယ်။ ကရုဏာပွားများရင် ရန်လိုစိတ် နည်းသွားတယ်။ ရန်လိုစိတ်နည်းလေ စိတ်ချမ်းသာလေပဲ။

“သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ”

သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

..crd…
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*