ပါချူပ်ဆရာတော်ကြီးဟောကြားသော “နှမျောခြင်းနဲ့မေ့လျော့ခြင်း”

“နှမြောခြင်းနဲ့မေ့လျော့ခြင်း ”

မြတ်စွာဘုရားက ဟောထားတယ်။
လောကမှာ အစာအာဟာရနဲ့ကင်းပြီး
သတ္တဝါတွေ အသက်မရှင်ကြဘူး။

အဲဒီ အစာအာဟာရက …
ဘယ်လိုပုဂ္ဂိုလ်ဆီရောက်လဲဆိုရင်
လှူခဲ့တန်းခဲ့တဲ့ ပုဂ္ဂိုလ်ဆီသာ စုရောက်တာ။

စားချင်တိုင်း ကိုယ့်ဆီရောက်မယ်လို့ မအောက်မေ့လေနဲ့။

လှူခဲ့တန်းခဲ့တဲ့ ပုဂ္ဂိုလ်တွေဆီပဲ ရောက်တယ်တဲ့။

သူစားနိုင်သည်ဖြစ်စေ၊ မစားနိုင်သည်ဖြစ်စေပေါ့။
ကျန်တဲ့ပုဂ္ဂိုလ်ကိုတော့ လှည့်တောင်ကြည့်မှာ မဟုတ်ဘူးတဲ့။

ဒါမှန်တယ်။

တစ်ကယ့်ကို ကံက အကျိုးပေးပြီဆိုရင် ….
စားစရာသောက်စရာတွေ သူ့ထံ စုပြုံရောက်လာတယ်။

ဒါကြောင့် မြတ်စွာဘုရားက ပစ္စည်းဥစ္စာနဲ့ ပတ်သက်ပြီး
မစ္ဆရိယစိတ်တွေ မထားကြဖို့နဲ့ မစ္ဆရိယကို တော်လှန်ပြီး
ဒါနကောင်းမှုကို လုပ်သင့်တယ်လို့ တဖွဖွ ဟောခဲ့တာဖြစ်တယ်။

စားစရာ သောက်စရာတွေ ပေါနေတဲ့ဆီကို
သွားပြီးတော့ မငြူစူလေနဲ့။

သူလုပ်ခဲ့တာတွေ သူပြန်ရနေတာ။

လောကလူတွေက ကိုယ်ပိုင်တဲ့ ပစ္စည်းတွေရှိလျက်သားနဲ့
ဘာဖြစ်လို့ ကုသိုလ်ကောင်းမှု မလုပ်ကြတာလဲဆိုရင်
” မစ်ဆရော စ ပမာဒါစ ဧဝံဒါနံ န ဒီယတိ ” တဲ့။
ကိုယ့်အတွက်သာ ကိုယ်ကြည့်တယ်။
ကိုယ့်အတွက်သာ ကိုယ်စဉ်းစားတယ်။
ဒါကို မစ္ဆရိယလို့ ခေါ်တယ်။

ကိုယ်သာသုံးမယ်၊
သူများကို မမျှဘူးဆိုတဲ့ စိတ်ဓာတ်တွေဟာ
လူတွေမှာ ရှိနေတတ်တယ်။
အဲဒါကို မစ္ဆရိယစိတ်လို့ ခေါ်တယ်။

မစ္ဆရိယဆိုတဲ့ သဘောတရားက
စိတ်ကို မှီပြီးဖြစ်တဲ့ သဘောတရားဖြစ်တယ်။
ဒေါသနဲ့တွဲဖက်ပြီး လာတယ်။
လောဘနဲ့တွဲတာ မဟုတ်ဘူး။
ဒေါသနဲ့တွဲတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။
ကိုယ်ပိုင်ပြီဆိုရင် ” မထိနဲ့ ” ဆိုတာ လာတော့တာပဲ။

အဲဒီလို ပေးဖို့ကမ်းဖို့ လက်တွန့်သွားတာ မစ္ဆရိယကြောင့်ပဲ။
မစ္ဆရိယဆိုတဲ့ သဘောတရားဟာ အစာရေစာရှားပါခြင်းရဲ့
အကြောင်းဖြစ်တယ်။ ကိုယ်တိုင်က ရက်ရက်ရောရော
ပေးကမ်းခြင်းမရှိသည့်အတွက် ကိုယ့်ဆီမှာလည်း
ရက်ရက်ရောရော ရောက်လာမှာ မဟုတ်တော့ဘူး။

ကုသိုလ်ကောင်းမှု လုပ်မယ့်အပေါ်မှာ စိတ်မဝင်စားဘူး၊
မေ့ထားတယ်၊ မေ့နေလို့ မလှူတာတဲ့။

” မစ်ဆရော စ ပမာဒါစ ဧဝံဒါနံ န ဒီယတိ ”
လောကလူတွေဟာ နှမြောလို့ မလှူတာနဲ့ မေ့နေလို့ မလှူတာ
ဒီနှစ်ခုကြောင့် အလှူဒါနက မဖြစ်မြောက်ဘူးတဲ့။

အလှူဒါနဆိုတာ အကြီးအကျယ်လှူမှ အလှူဒါန မဟုတ်ဘူး။

ကိုယ်စားတဲ့ထဲကနေ တစ်လုပ်တစ်ဆုပ် သတ္တဝါလေးတွေကိုဖြစ်ဖြစ်၊
ကိုယ်နဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ် ပေးတာကမ်းတာ ကျွေးတာ
မွေးတာ ဒါတွေဟာ ဒါနပဲ။
အိမ်လာတဲ့လူ ကော်ဖီတိုက်တာ၊ လက်ဖက်ရည်တိုက်တာကအစ
ဒါနပဲ။

ဘဝမှာ အောက်တန်းကျတဲ့အမျိုးတွေ၊
ဆင်းရဲတဲ့အမျိုးတွေမှာ မစ္ဆရိယကြီးမားတဲ့ပုဂ္ဂိုလ်ဟာ ဖြစ်တယ်တဲ့။

ဆိုပါစို့ …
လူ့ဘဝရောက်လာပြီဆိုရင် မွေးကတည်းက တဲစုတ်နဲ့အိမ်မှာ
သွားမွေးတယ် သို့မဟုတ် နေစရာမရှိတဲ့မိသားစုထဲ သွားမွေးတယ်။
မစ္ဆရိယနည်းပြီးတော့ ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်က မွေးကတည်းက
တိုက်အိမ်မှာ သွားမွေးတယ်။ သူဋ္ဌေးအိမ်မှာ သွားမွေးတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို ဆုံးဖြတ်ရမှာ။
ငါ နောင်ဘဝကျရင် တဲစုတ်ထဲသွားမွေးမလား?
သို့မဟုတ် သူဋ္ဌေးအိမ် သွားမွေးမလား?

သူဋ္ဌေးအိမ်မွေးချင်ရင် ကုသိုလ်ကောင်းမှုတော့ လုပ်နေရမှာပဲ။
ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ မစ္ဆရိယကို တော်လှန်ဖို့ အရေးကြီးတာ။
မစ္ဆရိယကလည်း တော်တော်ကို လူ့စိတ်ကို လွှမ်းမိုးနိုင်တဲ့
အနေအထားမျိုး ရှိတယ်ပေါ့။

မစ္ဆရိယကင်းတဲ့ပုဂ္ဂိုလ်တွေ
ကျတော့ အင်မတန်မှ အဆင်ပြေတဲ့
နေရာမျိုးကို ရောက်တယ်တဲ့။

မစ္ဆရိယကင်းလို့ ကုသိုလ်ကောင်းမှုတွေ
လုပ်တဲ့ပုဂ္ဂိုလ်ဟာ ဒီဘဝမှာ ချမ်းသာတဲ့အမျိုး၊ မြင့်မြတ်တဲ့အမျိုး၊
မိသားစုထဲမှာ မတောင့်မတ မကြောင့်မကြ စားရတဲ့ အမျိုးထဲမှာ
လာပြီးတော့ လူဖြစ်တယ်တဲ့။

လူဖြစ်ပြီးတော့ သူ့ဘဝမှာ အမြဲတမ်း
ပြီးပြည့်စုံတဲ့ ဘဝမျိုးကို ရောက်တယ်တဲ့။

ပါချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
..crd..
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*