..သူခိုးကြီး ငတက်ပြား သမိုင်း.. (စည်းမဲ့ ကမ်းမဲ့ သူခိုးများ အတုယူနိုင်ကြစေရန်)

..သူခိုးကြီး ငတက်ပြား သမိုင်း..
(စည်းမဲ့ ကမ်းမဲ့ သူခိုးများ အတုယူနိုင်ကြစေရန်)

မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သူ သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်း ရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ၏။သူက စစ်ကိုင်း ရေ၀န်းသားဖြစ် ၏။ ရေ၀န်း ဆိုသည်မှာ ယခု စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်နှင့် စိန်ကုန်းရပ်ကွက် အကြားရှိ ရပ်ကွက်ကလေးတခုပင် ဖြစ်သည်။ ၎င်းသူခိုးကြီးသည် အလွန်စွမ်း၍ ညဉ့်အခါ၌ စစ်ကိုင်းဘက်မှနေ၍ လှေဖြင့်ကူးကာ အင်းဝမြို့ မီးသွေးတိုက်တံခါးမှ ဝင်ပြီးသော် ဆင်းရဲသားအိမ်များ မဟုတ်ဘဲ မှူးမတ်၊သူဌေးသူကြွယ်အိမ်များကိုသာ တက်ပြီးမှ ပစ္စည်းများကို သင့်တန် ရုံခိုး၍ စားသောက်နေထိုင်လေ့ ရှိသည်။ မှူးမတ်စသည်တို့ သိ၍ ဖမ်းဆီးကြသော်လည်း မမိနိုင်ချေ။

တစ်နေ့သော် သူခိုးကြီးငတက်ပြားသည် ဤသို့ ကြုံးဝါး၏။ `ငါ့ကို သတိုးမင်းဖျားရလျှင်သာ သတ်ရအံ့။ မရသော်ကား အဘယ်သူဝံ့အံ့နည်း´ဟုဆို၏။ ထိုစကားကို သတိုးမင်းဖျား ကြားသော် ဥပါယ်တမျဉ်ဖြင့် ဖမ်းအံ့ဟု ညဉ့်အခါ နန်းတော်ကဆင်းခဲ့၍ သူခိုးယောင်ဆောင်ပြီးလျှင် မီးသွေးတိုက်တံခါးမှ ထွက်လျက် ဧရာဝတီမြစ်ဆိပ်က သူခိုးငတက်ပြား အလာကို စောင့်နေလေသည်။ ငတက်ပြားလည်း လာနေကြလမ်းအတိုင်း လာ၍ မီးသွေးတိုက်ဆိပ်နားသို့ ရောက်သော် လှေပေါ်ကနေလျက် `ဟေ့ ကုန်းပေါ်က ဘယ်သူလဲ´ဟုမေးရာ၊ `ငါ ညဉ့်လူဟေ့´ဟု သတိုးမင်းဖျားက ပြန်ပြော၏။

ကုန်းသို့တက်မိလျှင် သတိုးမင်းဖျားက `ဆရာကြီးနှင့် အတူလိုက်လိုပါ၍ စောင့်နေပါသည်´ဟု ဆိုသောအခါ ငတက်ပြားလည်း အလွန်သဘောကျကာ ခိုးတဲ့နေရာမှာတော့ မင်းအရည်အချင်းက မသေးဘူးပဲဟု ငတက်ပြားက ချီးမွမ်းသည်။ “နန်းတော်သို့၀င်၍ ဘုရင့်ပစ္စည်းများ ခိုးကြရအောင်”ဟု သတိုးမင်းဖျားက တိုင်ပင်သော အခါ ငတက်ပြားက “ငါ့တပည့်၊ ငါတို့က မရှိလို့ ခိုးစားသည်မှန်သော်လည်း ဘုရင် ပစ္စည်းကိုတော့ မခိုးသင့်။ ဘုရင့်ပစ္စည်းဟု ဆိုသော်လည်း တိုင်းပြည်အရေးကြုံလျှင် ပြည်သူတွေအတွက် အသုံးပြုရန် အလို့ငှာသာလျှင် ဘုရင်က ခေတ္တခဏ သူ့ဆီမှာသိမ်း ထားသည့် သဘောဖြစ် သည်။ ဘုရင့်ပစ္စည်းသည် တိုင်းပြည်ပစ္စည်းဖြစ်သည်။ မခိုးချင်ပါနှင့်၊ ဘယ်တော့မှ မခိုးလေနှင့်”ဟု တပည့်ဖြစ်သူကို ဆုံးမလေသည်။ သတိုးမင်းဖျား သဘောကျသွားသည်။

အင်းဝမြို့ရှိ သူဋ္ဌေးသူကြွယ်များအိမ်မှ ပစ္စည်းများကို ခိုးယူပြီးနောက် မြို့တံခါးအနီး မီးသွေးတိုက်သို့ ပြန်လာကြသည်။နှစ်ယောက်လုံး မြို့တွင်းသို့ဝင်လျက် မှူးတော်၊ မတ်တော်များ၏ အိမ်သို့ဝင်၍ ပုတီး၊ နားတောင်း၊ လက်စွပ် စသည်များကို ခိုးယူပြီးလျှင် မြို့ပြင်မီးသွေးတိုက်သို့ ပြန်ခဲ့ကြသည်။ ထိုအခါ ငတက်ပြားလည်း အရက်သောက်လိုသည် ဖြစ်၍ သတိုးမင်းဖျားက အလွန်မူးယစ်အောင်တိုက်သဖြင့် လဲသောအခါမှ ခြေကျဉ်းခတ်၍ မီးသွေးတိုက်၌ သော့ခတ်ကာ ထားခဲ့၏။

နံနက်တွင် မှူးမတ်တို့ ပစ္စည်းပျောက်သည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ကြကုန်၏။ သတိုးမင်းဖျားလည်း မှူးမတ်တို့၏ လက်စွပ်စသည်တို့ကို ဝတ်၍ ညီလာခံဝင်လေသည်။ မှူးမတ်တို့လည်း မိမိတို့လက်စွပ်ဟု သိသော်လည်း ဘုရင်ဖြစ်၍ မရိုးမစွပ်ဝံ့၊ တူသည်ဟူ၍သာ လျှောက်ကြကုန်၏။ သတိုးမင်းဖျားက `နင်တို့ သူခိုးငတက်ပြားကို ရအောင်မဖမ်းနိုင်၊ ညဉ့်က ငါဖမ်းမိပြီ၊ မီးသွေးတိုက်တွင် ယူချေ´ဟု စေလိုက်သည်။ ရှေ့တော်သို့ ငတက်ပြားရောက်သော် မင်းကြီးလည်း `နင့်ကို ငါမိပြီ၊ ရဲတင်း၊ ပုဆိန်၊ ဓားလှံ၊ တံကျင် စသည်တို့တွင် အဘယ်ကို အလိုရှိသနည်း´ဟု မေးတော်မူ၏။ ငတက်ပြားလည်း `အရှင်မင်းကြီး ကျွန်ုပ်ကို မိပြီဖြစ်သည်။ အလိုရှိသလို သတ်တော်မူတော့၊ အကျွန်ုပ် အလိုကို လျှောက်ရမည်ဆိုသော် မင်းကြီး မိဖုရား စောဥမ္မာကို အလိုရှိ၏´ဟု ရဲဝံ့ရွှင်ကြည်စွာ လျှောက်ပေသည်။

သတ္တိရှိသူကို နှစ်သက်သော သတိုးမင်းဖျားသည် အမျက်ရှိတော်မမူဘဲ ငတက်ပြား၏ သတ္တိရှိမှုကို ကြိုက်နှစ်သက်သည်က တစ်ကြောင်း၊ ညဉ့်အခါက တစ်ဦးအသက်ကို တစ်ဦး ကယ်ဆယ်တမ်းဟု ကတိရှိသည်ကတစ်ကြောင်း စသည်တို့ကြောင့် မသတ်ဘဲ ကျွေးမွေးထားလေသည်။ နောင် တိုက်ပွဲ ရှိသောအခါ အမှုတော်ထမ်းစေဟု အမိန့်ချလေ၏။

လေးကိုချစ်သောယောက်ျားသည် မြားကိုချစ်သကဲ့သို့ ပြည်ထဲရေးကို ချစ်သောကြောင့် လည်းကောင်း၊ ငါးကိုလိုသော တံငါသည်သည် ကွန်ကိုချစ်သကဲ့သို့ ပြည်ထဲစီးပွါးကို ချစ်သောကြောင့်လည်းကောင်း သူခိုးငတက်ပြားကို မသတ်ဘဲ အမှုတော်ထမ်းစေသည်။ နောင်တွင် တောင် တွင်းမြို့စားက ပုန်ကန်သောအခါ ငတက်ပြားအကူအညီဖြင့် အဓိက ရုဏ်းငြိမ်းခဲ့ဖူးသည်ဟု မှန်နန်းရာဇ၀င်က ဆိုပါသည်။ သတိုးမင်းဖျားက ငတက်ပြားကို ရွှေတိုက်စိုးရာထူးပေးပြီး ဘုရင့်ဘဏ္ဍာများကို ထိန်းသိမ်းစောင့်‌ရှောက်စေသည်။ ထိုမှ “သူခိုးကိုရွှေတိုက်စိုးခန့်သည်”ဟူသော စကားဖြစ်ပေါ်လာသည်ဟုလည်း ဆိုကြသည်။ သူက ရွှေတိုက်စိုးရာ ထူးယူပြီးနောက် မခိုးတော့။ သူခိုးဇာတိကို စွန့်နိုင်သူဖြစ်သည်။

သူခိုးကြီးငတက်ပြား၏ ဇနီးသည် အမေဂျမ်း ဖြစ်သည်။

မြို့ထဲဘက်မှအထွက် စစ်ကိုင်းတောင်အတက်တွင်ရှိသော ‘မရှိခဏ’ဘုရားကို ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်။ ထို’မရှိခဏ’ဘုရားကို သူခိုးကြီးငတက်ပြား တည်ခဲ့သည်ဟု အဆိုရှိ ပါသည်။ ဘုရားတည်စဉ်က ငွေလို ငွေမရှိလျှင်လည်း ခဏသာဖြစ်သည်။ ငတက်ပြား သွားခိုးလိုက်လျှင် ခဏလေးဖြင့်ပင် ရလာ‌သောကြောင့် မရှိခဏ ဘုရားဟုအမည် တွင်ကြောင်း ဆိုသည်။ သို့သော ကျေးဇူးရှင်သီတဂူဆရာတော်ဘုရားကြီးကတော့ ‘မဟိယင်္ဂဏ’ကနေ ‘မရှိခဏ’ အဖြစ် ပြောင်းလဲလာသည်။ ‘မရှိခဏ’မဟုတ်။ ‘မဟိယင်္ဂဏ’ ဖြစ်သည်ဟု အမိန့်ရှိဘူးပါသည်။

မည်သို့ဆိုစေ သူခိုးကြီး ငတက်ပြားကတော့ အင်းဝခေတ်တွင် အမှန်တကယ် ပင် ရှိခဲ့ဖူးပါသည်။ ငတက်ပြားလို သူခိုးမျိုးကတော့ဖြင့် ရှားမှရှားပင်ဖြစ်သည်။ သူ့ရဲ့ သူခိုး သက်တမ်းတလျှောက်မှာ ဆင်းရဲသားတွေ ဆီကနေ ဘယ်တုန်းကမှ မခိုးယူခဲ့ဘူးဖူးတဲ့။ သူ့နေထိုင်ရာအရပ်ဒေသမှာလည်း မခိုးခဲ့ဘူးတဲ့။ ဓား လှံလက်နက်ပြ၍ သူ့ကိုသတ်မည်။ ကြိုက်ရာရွေးပါဟု ဆိုလာသောအခါ သူတောင်းဆိုလိုက်သည်က မိဖုရားစောဥမ္မာ ဖြစ်သည်။ သူခိုးပင်ဖြစ်လင့်ကစား သစ္စာ သတ္တိ စာနာမှုနဲ့ ချစ်ခြင်းမေတ္တာကို သူ့သန္တာန် မှာ မြင်တွေ့ရသေးသည်။ အင်း၀ဘုရင် သတိုးမင်းကမသတ်ရက်ဘဲအမူထမ်းစေခဲ့သည်။

သူခိုးကြီးငတက်ပြားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရပ်ကွက်၊ မင်းဝံတောင်ညွန့် ကုန်းမြင့်အထက်တွင် မရှိခဏစေတီတော် ကို တည်ထားကိုးကွယ်ခဲ့သည်။

..crd..(မူရင်းရေးသားသူ)
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*